ရက်ပိုင်းအတွင်း စားအုန်းဆီဈေးကျအောင် လုပ်မည်ဟု စီးပွားကူးသန်း ဝန်ကြီးပြော

0
230

ယခုရက်ပိုင်းအတွင်း စားအုန်းဆီဈေးနှုန်း သိသာစွာကျဆင်းစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားလိုက်သည်။

ယမန်နေ့ ဩဂုတ် (၃၀) ရက်က ပြုလုပ်ခဲ့သည့် စားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ထည့်သွင်း‌ပြောကြားခဲ့ခြင်းဖြစ်သည်။

စားအုန်းဆီကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆီတင်သွင်းရာတွင် ကုန်ကျသည့် နိုင်ငံခြားငွေ၏  (၅၀) ရာခိုင်နှုန်းကို ဗဟိုဘဏ် ရည်ညွှန်း‌ ငွေလဲလှယ်နှုန်းဖြင့်လည်းကောင်း၊ ကျန်(၅၀)ရာခိုင်နှုန်း ကို ပြင်ပပေါက်ဈေးထက်သက်သာသည့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားဖြင့် လည်းကောင်း ပံ့ပိုးဆောင်ရွက်ပေးထား‌ကြောင်း သိရသည်။

ထို့အပြင် ဝယ်ယူတင်သွင်းသူများ ငွေကြေးအခက်အခဲ မပေါ်ပေါက်စေရေးအတွက် ဗဟိုဘဏ်၏ သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူပေးထားကြောင်း ၎င်းကဆိုသ ည်။

နိုင်ငံတော်မှ ယင်းကဲ့သို့ ပံ့ပိုးမှုများ လုပ်ဆောင်နေသော်လည်း ဈေးကွက်အတွင်း၌ စားအုန်းဆီတစ်ပိဿာ ၁၂၀၀၀ ကျပ်အထိ ဈေးအဆမတန်မြင့်တက်ခဲ့ရာ စားအုန်းဆီအဓိက သုံးစွဲသည့် မြို့ပြအခြေခံလူတန်းစားများနှင့် နိုင်ငံတဝန်းရှိ တောင်သူလယ်သမား လက်လုပ်လက်စား ပြည်သူများတွင် အခက်အခဲဖြစ်ပေါ်နေရခြင်းဖြစ်သည်။

ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီအခြေခံရည်ညွှန်းဈေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အပတ်စဉ် ထုတ်ပြန်ပေးနေသော်လည်း ဈေးကွက်အတွင်း၌ ရောင်းဝယ်ဖောက်ကားနေသည့် ဈေးနှုန်းများမှာ အစိုးရက သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေးထက်နှစ်ဆမှ သုံးဆဝန်းကျင်အထိ ဈေးမြှင့်ရောင်းချနေကြခြင်းလည်း ဖြစ်သည်။

ယင်းကဲ့သို့ စားအုံးဆီဈေးများမြင့်တက်နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ (၁) ရက်ကတည်းက ရန်ကုန်မြို့တွင် ဆီလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချရေး သတိပေးပြောကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ခေါ်ယူသတိပေးထားသော်လည်း ဒေါ်လာဈေးအကြောင်းပြကာ ဈေးကစားသူများနှင့် မတန်တဆအမြတ်တင်ရောင်းချမှုများကြောင့် ဆီဈေးနှုန်းများ မြင့်တက်နေမှုမှာ ဖြေရှင်းနိုင်ခြင်း မရှိ​သေးဘဲ မြင့်တက်နေဆဲအခြေအနေတွင်သာ ရှိနေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အဆမတန် မြင့်တက်နေသော ဆီဈေးနှုန်းကို ရက်ပိုင်းအတွင်း ကျဆင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီဖြန့်ဖြူးမှုနှင့်ပတ်သက်၍ လိုအပ်သည့် အစီအမံများချမှတ်ကာ ကြပ်မတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းနောက် ညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသည့် စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများကလည်း စားသုံးဆီပြည်တွင်းပို့ဆောင်ရာတွင် QR Code ဖြင့် ကြပ်မတ်မည့် အစီအစဉ်၊ နေ့စဉ်ကုန်လက်ကျန်သတင်းပို့မှု အစီအစဉ်၊ လက်ကားနှင့်လက်လီရောင်းချသူများအကြား ဈေးနှုန်း ကွာဟမှုမရှိစေရေးနှင့် မြို့ကြီးများအလိုက် သတ်မှတ်ဈေးနှုန်းဖြင့် စားအုံးဆီဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here