ပုဇွန်တောင်မြို့နယ်၌ အမျိုးသမီးတစ်ဦးအားသတ်၍ ငွေသိန်း ၇၀ ကျော်နှင့်ရွှေထည်ပစ္စည်းများ လုသွားသူ ၂ ဦးကို နာရီပိုင်းအတွင်း ဖမ်းမိ

0
2916

ရန်ကုန်တိုင်း၊ပုဇွန်တောင်မြို့နယ်၊(၈)ရပ်ကွက်ရှိ တိုက်ခန်းတစ်ခု၏ (၈)လွှာတွင်နေထိုင်သည့် အမျိုး သမီးတစ်ဦးအားသတ်ဖြတ်၍ ငွေကျပ်သိန်း ၇၀ ကျော်နှင့်ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်သွားသည့် အမျိုးသား ၂ ဦးကို အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ၌ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်သည် သြဂုတ် ၃၀ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ၂ ဦးသည် ပုဇွန်တောင်မြို့နယ်၊(၈)ရပ်ကွက်၊မြောင်းကြီးလမ်းရှိ တိုက်ခန်းတစ်ခု၏ (၈)လွှာတွင်နေ ထိုင်သည့် အသက်(၂၀)နှစ်ကျော်ခန့်ရှိ အမျိုး သမီးအား ဓားဖြင့်သတ်ဖြတ်ခဲ့ကြသည်။

ထိုသို့ သတ်ဖြတ်ပြီးနောက် ငွေကျပ်သိန်း ၇၀ ကျော်နှင့်ရွှေထည်ပစ္စည်းများ၊ဖုန်းတစ်လုံးတို့အားယူဆောင်၍ထွက်ပြေးသွားခဲ့ကြပြီး အမျိုး သမီးဖြစ်သူမှာ ဓားဖြင့်ထိုးခုတ်ခံထားရသည့် ဒဏ်ရာ ၂ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အသတ်ခံရတဲ့အမျိုးသမီးက တစ်ယောက်ထဲရှိနေတဲ့အချိန်မှာ ဖြစ်စဥ်ဖြစ်ပွားခဲ့တာပါ ရဲတွေနဲ့လုံခြုံရေးအဖွဲ့တွေလာစစ်ပြီး သိပ်မကြာဘူး နာရီပိုင်းလောက်ပဲကြာမယ် ပြစ်မှုကျူးလွန်တဲ့ ၂ ယောက်ကိုဖမ်းမိခဲ့တယ်လို့ သိရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူအမျိုးသမီး ၏ရုပ်အလောင်းအား စေတနာလူမှုကူညီရေးအသင်း(ပုဇွန်တောင်) မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူ ၂ ဦးအား ပုဇွန်တောင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here