ဆန်လှောင်လက်များ၏ ဈေးကစားနေခြင်းများကာကွယ်ရန် သိုလှောင်ရုံမှတ်ပုံတင်စနစ် ကျင့်သုံး

0
203

ယနေ့(စက်တင်ဘာ ၁ ရက်)မှစတင်ကာ ပြည်ပတင်ပို့မည့်ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ကြိုတင်စိစစ်ပြီး ၁၀၀ ရာခိုင်နှုန်းအသင့်ရှိမှသာ ပို့ကုန်လိုင်စင်ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

ပြည်တွင်းဈေးနှုန်းတည်ငြိမ်စေပြီး ဈေးနှုန်းထပ်မံမြင့်တက်မှုမရှိစေရေးနှင့် လှောင်လက်များ၏ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်နေခြင်းများအပေါ် ထိန်းကျောင်းနိုင်ရေးတို့အတွက် သိုလှောင်ရုံမှတ်ပုံတင်စနစ် ကျင့်သုံးခြင်းအစီအစဉ်ကို စတင်ဆောင်ရွက်နေကြောင်း၊ ထို့ပြင်ဆန်ပြည်ပတင်ပို့မှုကို ဆိုင်းငံ့ခြင်းမပြုဘဲ ပြည်ပတင်ပို့မည့်ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ကြိုတင်စိစစ်ပြီး ၁၀၀ ရာခိုင်နှုန်းအသင့်ရှိမှသာ ပို့ကုန်လိုင်စင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ဆန်စပါးလုပ်ငန်းကို ပုံမှန်လုပ်ကိုင်ဆောင်ရွက်နေသူများမဟုတ်ပဲ ငွေများများလက်ဝယ်ကိုင်ဆောင်ထားသူများက အမြတ်ရရှိရန် ရည်ရွယ်၍ ဆန်စပါးဝယ်ယူသိုလှောင်မှုများ ပြုလုပ်ခဲ့ကြောင်း ၊လက်ရှိအခြေအနေတွင် ပြည်တွင်းဈေးနှုန်းကြီးမြင့်အောင် လှောင်လက်များမှ ဖြစ်သင့်ဖြစ်ထိုက်သော အကျိုးအမြတ်ထက်ပိုမိုရရှိရန် ရည်ရွယ်၍ ရောင်းအားထိန်းထားပြီး စပါး၊ဆန်ဈေးနှုန်းများမြင့်တက်အောင် လုပ်ဆောင်နေသည့် အခြေအနေဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့ပြင် သြဂုတ်လ ၂၈ ရက်မှ စတင်ကာ ကုန်စည်ဒိုင်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ် ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ၉၀၀၀၀ မှ ၁၀၀၀၀၀ ကျပ်နှင့် ရက် ၉၀ ဆန်တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်ထက် မပိုသောဈေးဖြင့် ရောင်းချပေးရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသည်။

သို့သော်  ပြင်ပ ဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း ၁ အိတ် ၁၄၅၀၀၀ ကျပ် မှ ၁၆၀၀၀၀ ကျပ် ၊ ဆန်ချော (ဧရာဝတီပေါ်ဆန်းအုပ်စုဝင် ဆန်) ၁ အိတ် ၁၁၀၀၀၀ ကျပ် မှ ၁၃၀၀၀၀ ကျပ် ၊ ဆန်ကြမ်း (ငစိန်၊ ဇီယာ အုပ်စုဝင် ) ၁ အိတ် ၇၀၀၀၀ ကျပ်ကျော် မှ ၈၄၀၀၀ ကျပ် ရှိနေခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပဆန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိရေးရည်မှန်းထားကြောင်း၊ပြည်ပသို့ ဧပြီလမှ ဇူလိုင်လအထိ တန်ချိန် ၃၂၀၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၃၈ သန်းသာ ရရှိခဲ့ကြောင်း စာရင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here