ရန်ကုန် ဥက္ကလာဘုရားမီးပွိုင့်အကျော်၌ ယာဥ်တိုက်မှုဖြစ်ပြီးနောက် ကားမောင်းသူ ၁ ဦး ရိုက်နှက်လုယက်ခံရကာ ခေါင်းကွဲသွားခဲ့

0
461

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊(၁၄)ရပ်ကွက်၊သံသုမာလမ်းရှိ ဥက္ကလာဘုရားမီးပွိုင့်အကျော်တွင် စက်တင်ဘာ ၁ ရက်ညပိုင်းက ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် ကားမောင်းသူ ၁ ဦး ရိုက်နှက်လုယက်ခံခဲ့ရကြောင်း မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယမန်နေ့ည ၇ နာရီ ၁၅ မိနစ်ခန့်က တောင်ဥက္ကလာပမြို့နယ်၊(၁၄)ရပ်ကွက်၊သံသုမာလမ်းရှိ ဥက္ကလာဘုရားမီးပွိုင့်အကျော်တွင် ဟာရီယာကားမှ ဘေးတွဲဆိုင်ကယ်အားဝင်တိုက်မိပြီးနောက် Hijet ကားကိုထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

“ဟာရီယာ ကားမောင်းတဲ့လူက ကားတိုက်မှုဖြစ်ပြီးတော့ ကားပေါ်ကဆင်းလာတဲ့အချိန် လူငယ် ၂ ယောက်ရောက်လာတယ် သူတို့ဖြေရှင်းပေးမယ်လို့ပြောပြီး လမ်းဘေးကအုတ်ခုံပေါ်မှာထိုင်ခိုင်းတယ် ပြီးတော့ ဟာရီယာကားမောင်းတဲ့လူဆီက ဖုန်းနဲ့ပိုက်ဆံအိတ်ကိုလု ရိုက်နှက်ပြီး မြောင်းထဲကိုတွန်းချခဲ့တဲ့အတွက် ကားတိုက်မှုဖြစ်စဥ်မှာ ဒဏ်ရာမရပေမယ့် ရိုက်ခံရတာရယ် မြောင်းထဲကျသွားတာရယ်ကြောင့် ခေါင်းမှာဒဏ်ရာရသွားတယ်”ဟု မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ဘေးတွဲဆိုင်ကယ်မောင်းသူနှင့်လိုက်ပါလာသူ ၂ ဦးတို့၌ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ဘဲ Hijet ကားပေါ်မှ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့မှာ ထိခိုက်ပွန်းပွဲ့ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်နေရာကို ကျွန်တော်တို့ရောက်သွားတော့ ဟာရီယာကားမောင်းတဲ့လူကို မြေပြင်ကုသပေးပြီး မြောက်ဥက္ကလာ မေဓာဝီဆေးရုံကိုပို့ပေးခဲ့ပါတယ် ဘေးတွဲဆိုင်ကယ်ကအတော်ပျက်စီးသွားတယ်”ဟု မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် Hijet ကားပေါ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားနှင့်အမျိုးသမီးတို့ကိုလည်း မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း၏ မိတ်ဖက်အသင်းများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မေတ္တာသီတာရေစင်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here