ချမ်းမြသာစည်မြို့နယ်၌ ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌ ဆိုင်ကယ်မောင်းလာစဥ် ပစ်ခတ်ခံရ၍ သေဆုံး စျေးသည်တစ်ဦးပါကျည်ထိမှန်ခဲ့

0
300

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊ကန်သာယာရပ်ကွက်တွင် စက်တင်ဘာ ၂ ရက်(ယနေ့) နံနက်ပိုင်းက ဆိုင်ကယ်မောင်းလာသည့် ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌဦးမော်ကြီး(၆၂)နှစ်သည် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးမှ ၅၉ လမ်းအတိုင်းဆိုင်ကယ်မောင်းနှင်လာသည့် ဦးမော်ကြီးအား ၅၉ လမ်းနှင့် ၁၁၁ A လမ်းထောင့်အရောက် သေနတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ဦးမော်ကြီးက ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌတစ်ယောက်ပါ လဖက်ရည်သောက်ပြီးပြန်လာတဲ့အချိန်မှာပစ်ခတ်ခံရတာပါ ပတ်ဝန်းကျင်ကလူတွေပြောစကားအရနဲ့တွေ့ရှိရတဲ့ ကျည်ခွံတွေအရဆိုရင် အချက်ရေအတော်များများပစ်ခတ်ခံခဲ့ရတယ် ဖြစ်စဥ်အနားမှာ ဝက်သားရောင်းနေတဲ့ အမျိုးသမီးတစ်ယောက်လည်း ကျည်ထိမှန်ဒဏ်ရာရခဲ့ပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးမော်ကြီးမှ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌သေဆုံးသွားသဖြင့် ရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကိုလည်း ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကာ လုံခြုံရေးအဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here