လူမှုစီးပွားအခြေအနေမြှင့်တင်ရန် ခရီးသွားလုပ်ငန်း၏စွမ်းအားကိုအသုံးချမည်

0
121

နိုင်ငံသားများ၏ လူမှုစီးပွားအခြေအနေများကို မြှင့်တင်ရန် ခရီးသွားလုပ်ငန်း၏စွမ်းအားကိုအသုံးချမည်ဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊မြို့တော်ဝန်ဦးသန်းထွန်းဦးကပြောသည်။

စက်တင်ဘာ ၁ ရက်က တရုတ်နိုင်ငံ၊ကျင်းသကျန်းမြို့၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာပိုးလမ်းမမြို့တော်များ ခရီးသွားလာရေးမဟာမိတ် အဖွဲ့စတင်တည်ထောင်ခြင်းအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကိုမောင်းနှင်ရန်၊အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရန်နှင့် မိမိတို့နိုင်ငံသားများ၏ လူမှုစီးပွားအခြေအနေများကိုမြှင့်တင်ရန် ခရီးသွားလုပ်ငန်း၏ စွမ်းအားကို အသုံးချနိုင်မည်ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံကြား ခရီးသွားလုပ်ငန်းကဏ္ဍအပြင် အခြားပူးပေါင်းဆောင်ရွက်မှုများလည်း များစွာရှိနေပြီးဖြစ်ကာ မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများနှင့်မြို့တော်များအနေဖြင့် မြန်မာနိုင်ငံနှင့်ခရီးသွားလုပ်ငန်းကဏ္ဍအပြင် အခြား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်ရန် ဖိတ်ခေါ်သည်ဟု ပြောသည်။

မြန်မာနိုင်ငံတွင်ခရီးသွားများအတွက် ထင်ရှားကျော်ကြားသော ခရီးစဉ်လမ်းကြောင်းများဖြစ်သည့် ပုဂံယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသ၊အင်းလေးကန်၊နေပြည်တော် ကျောက်မျက်ခန်းမနှင့်ကမ္ဘာ့အမြင့်ဆုံးထိုင်တော်မူ မာရဝိဇယစကျင်ဗုဒ္ဓရုပ်ပွားတော်ခရီးစဉ်များကို လာရောက်လည် ပတ်ရန်ဖိတ်ခေါ်ခဲ့သည်။

ထို့ပြင် အဖွဲ့ဝင်မြို့တော်များအနေဖြင့် ခရီးသွားလုပ်ငန်းဆောင်ရွက်ရာ၌ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် နောင်လာမည့် မျိုးဆက်သစ်များ၏ ကောင်းကျိုးချမ်းသာကို ဖန်တီးပေးနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလာရေးလုပ်ငန်းဖြစ်စေရေး ဆောင်ရွက်ရမည်ဟုလည်း တိုက်တွန်းပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များခရီးသွားလာရေးမဟာမိတ်အဖွဲ့အား တရုတ်နိုင်ငံမှ မြို့တော် ၂၂ မြို့နှင့်နေပြည်တော်အပါအဝင် အာရှ၊ဥရောပ၊အာဖရိက၊အမေရိကဒေသများရှိ နိုင်ငံ ၂၅ နိုင်ငံမှ မြို့တော် ၃၆ မြို့/စုစုပေါင်းအဖွဲ့ဝင်မြို့တော် ၅၈ မြို့)ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here