ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် လယ်ယာနှင့် ရေထွက်ကုန်အချို့ကို စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရမည်

0
198

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့နေမည့် ဆန်/ဆန်ကွဲ၊ မြေပဲ၊ နှမ်း အပါအဝင် လယ်ယာထွက်ကုန်အချို့နှင့် ရေချို/ရေငန်ငါးများကို စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရန် သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ညွှန်ကြားချက်ကို ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၅/၂၀၂၃) ဖြင့် စက်တင်ဘာ (၁) ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ (၄)ရက်မှစတင်ဆောင်ရွက်ရန် ညွှန်ကြားထားခြင်းဖြစ်သည်။

ယင်းကြေညာချက်တွင် ကုန်သွယ်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံ၊ ကြက်သွန်နီ စသည့်လယ်ယာထွက်ကုန်များနှင့် ရေချို၊ ရေငန်ငါးမျိုးစုံ ရေထွက်ပစ္စည်းများကို စက်တင်ဘာ ၄ ရက်မှစတင်၍ စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရန်ဟု ဖော်ပြပါရှိသည်။

လက်ရှိ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ငါးလတာကာလအတွင်း မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၆ ဒသမ ၉၅၄ သန်းကျော်သာ ရရှိထားပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် ကုန်သွယ်မှုပမာဏ ၁၃ ဒသမ ၅၇၃ သန်း ရရှိထားသည့်အတွက် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၆ ဒသမ ၆၁၉ သန်း လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here