၃ရက်တာခင်းကျင်းပြသသည့်ကယားပြည်နယ် MSME ပွဲ

0
108

ကယားပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများကို ဒေသထွက် ကုန်ကြမ်း ပစ္စည်းများအား အခြေခံ၍ ကုန်ချောထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး အဆင့်မြှင့်တင်လုပ်ဆောင်ကြရန် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များအားတွေ့ဆုံရာ၌ပြောကြားခဲ့သည်။ 

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားထုတ်ကုန်ပစ္စည်းများ ပြပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၄) ရက်၊ နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့၊ မြိုနယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ အခမ်းအနားတွင် ပြည်နယ်အတွင်း စပါး၊ ဆီထွက်သီးနှံများနှင့် ပြောင်းသီးနှံများကို သီးထပ်သီးနှံအဖြစ် စိုက်ပျိုးနိုင်ရေး၊ တိုင်းရင်းသား ရိုးရာအထည်ထုတ်ကုန်များ၊ ဒေသထွက်စားသောက်ကုန်များအား ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ရန်၊ ထုတ်ပိုးမှုစနစ်များကို အဆင့်မြှင့်တင် ထုတ်ပိုးနိုင်ရန်နှင့် စက်မှုထုတ်ကုန်များကို ယခု ထုတ်လုပ်လျက်ရှိသည့် အမျိုးစားများအပြင်အသစ်များ ထပ်မံထုတ်လုပ်နိုင်ရေး ကြိုးစားလုပ်ဆောင်ရန်လည်း ဝန်ကြီးချုပ်ကအားပေးပြောကြားခဲ့သည်။

ကယားပြည်နယ် MSME ပြပွဲ ဖွင့်ပွဲတွင် သစ်အခြေခံထုတ်ကုန်ပစ္စည်းများ၊ သမဝါယမထုတ်ကုန်ပစ္စည်းများ၊ ငါးနှင့် ရေထွက်ပစ္စည်း ထုတ်ကုန် ပစ္စည်းများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားများ အိမ်တွင်းမှု အသက်မွေးလုပ်ငန်း ထုတ်ကုန်ပစ္စည်းများ၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ထုတ်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများ၊ မွေးမြူရေးထုတ်ကုန်ပစ္စည်းများ၊ စက်မှုလက်မှုထုတ်ကုန်ပစ္စည်းများ၊ အသေးစား စက်မှုလက်မှု ထုတ်ကုန်ပစ္စည်းများ၊ ယက်ကန်းလုပ်ငန်း ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်ထုတ်ကုန်ပစ္စည်းများကို ပြခန်းပေါင်း(၁၁)ခန်းဖြင့် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို စက်တင်ဘာ (၄)ရက်မှ (၆)ရက်အထိ ခင်းကျင်းပြသထားမည်ဖြစ်ပြီး အကောင်းဆုံး ခင်းကျင်းပြသနိုင်မှု ဆုများနှင့် အထူးဆုများကို ရွေးချယ်ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here