ညောင်လေးပင်မြို့နယ်တွင် ရထားလမ်းမိုင်းခွဲ ဖျက်ဆီးခံရ၍ ရထားခရီးစဥ်များ ၇ နာရီခန့်ကြာယာယီရပ်နားခဲ့

0
278

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် စက်တင်ဘာ ၅ ရက်နံနက်ပိုင်းက ရထားလမ်းမိုင်းခွဲဖျက်ဆီးခံရ၍ ရထားခရီးစဥ်များ ၇ နာရီခန့်ကြာ ယာယီရပ်နားခဲ့ရကြောင်း သိရသည်။

ယမန်နေ့နံနက် ၂ နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်- မန္တလေးရထားလမ်းပိုင်း ပိန်းဇလုပ်ဘူတာနှင့်တော်ဝိဘူတာ၏ မိုင်တိုင်အမှတ် ၉၉/၈ နှင့် ၉၉/၇ ကြားရှိ ရထားလမ်းအား မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ထိုသို့ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရထားသံလမ်းပေ(၈၀)ခန့် ပြတ်တောက်တွန့်လိမ်၊ကွန်ကရစ်ဇလီဖား(၁၄)တုံးပျက်စီး၊ (၁၀)ပေအရှည်ရှိ ကွန်ကရစ်တံတားကြမ်းခင်း(၃)ပေပတ်လည်ခန့် ထိခိုက်ပျက်စီးခဲ့၍ မောင်းနှင်လာသည့် မန္တလေး-ရန်ကုန် အမှတ်(၆)အစုန်လူစီးအမြန်ရထားသည် ပိန်းဇလုပ်ဘူတာသို့ နောက်ပြန်ဆုတ်ကာရပ်တန့်ခဲ့ရပြီး ပျက်စီးသွားသည့်ရထားလမ်းပိုင်းအားပြန်လည်ပြင်ဆင်ရန် ရထားလမ်းအား နံနက် ၄ နာရီ ၁၀ မိနစ်မှစ၍ ယာယီပိတ်ခဲ့ရကြောင်း သိရသည်။

ထို့နောက် မြန်မာ့မီးရထားမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများက ပျက်စီးသွားသည့်ရထားလမ်းပိုင်းအား ပြန်လည်ပြင်ဆင်ခဲ့သဖြင့် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြန်လည်ပြင်ဆင်ပြီးစီးခဲ့၍ ၇ နာရီခန့်ကြာယာယီရပ်တန့်ထားခဲ့ရသည့် ရထားခရီးစဥ်များအား ပြန်လည်စေလွှတ်ပေးနိုင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ လက်နက်ကိုင်အဖွဲ့ဝင်များသည် ရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းများ၊ဘူတာနယ်မြေများအတွင်း ဗုံးထောင်၊မိုင်းခွဲဖျက်ဆီးခြင်း (၁၂၅)ကြိမ်၊တံတားမိုင်ခွဲခြင်း(၄၅)ကြိမ်၊ဘူတာနှင့်ဝန်ထမ်းနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ခဲ့ကြသဖြင့် ရထားလမ်းနှင့်တံတားများပျက်စီးခြင်း၊ရထားစက်ခေါင်းနှင့်တွဲများ ထိခိုက်ပျက်စီးခြင်း၊ကုန်စည်များပျက်စီးဆုံးရှုံးခြင်း၊ ခရီးသည်များလမ်းခရီး၌ကြန့်ကြာ၍ အခက်အခဲမျိုးစုံကြုံတွေ့ရခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here