အောက်တိုဘာတွင် နယ်စပ်မှတဆင့် ပုံမှန်အတိုင်း ဆန်တင်ပို့နိုင်မည်ဟု ခန့်မှန်းထား

0
216

မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် လာမည့်အောက်တိုဘာလတွင် ပုံမှန်အတိုင်းတင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း မူဆယ်ဆန်စပါး ကုန်စည် ဒိုင်မှ ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းက ပေါ်ပြူလာနယူစ်းသို့ ပြောသည်။

“နယ်စပ်ဆန်တင်ပို့မှုက အရင်ထက်စာရင် လျော့သွားတယ်။ အခုက ပြည်တွင်းဆန်ဈေးနှုန်းမြင့်နေလို့ အရင်လို မပို့နိုင်တော့ဘူး။ အောက်တိုဘာလ ဆိုရင်တော့ ပုံမှန်ပြန်ဖြစ်ပါပြီ”ဟု ၎င်းကဆိုသည်။

ယခင်က နယ်စပ်လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့‌ နေ့စဉ်ဆန်/ဆန်ကွဲ ကားအစီးရေ (၂၀) ခန့် ဝင်ရောက်နေရာမှ လက်ရှိတွင် (၂) စီးခန့်သာ တင်ပို့မှုရှိတော့ကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ ဩဂုတ်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသိန်း ရှစ်သောင်းတင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၆ သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဆန်/စပါးသည် ပြည်တွင်းတွင် ပုံမှန်စိုက်ပျိုးထုတ်လုပ်ပြီး ဖူလုံရုံမျှမက ပိုလျှံမှု ရှိသဖြင့် ပြည်ပသို့ နှစ်စဉ် တင်ပို့ရောင်းချနေခြင်းဖြစ်ရာ ယခုနှစ်အတွက် စပါးလက်ကျန်၊ ဆန်လက်ကျန် လုံလုံလောက်လောက်ရှိပြီး မကြာမီ ကောက်စောစပါးသစ် ပေါ်လာတော့မည်ဖြစ်သည်။

စပါးများ၊ ဆန်များ သိုလှောင်ထားမှုကိုလည်း နည်းမှန် လမ်းမှန် ထိန်းကျောင်းနိုင်ရန်နှင့် ဈေးကစားလိုသည့် သဘောဖြင့် သိုလှောင်မှုများ မဖြစ်စေရန် သိုလှောင်မှုကို Online Registration ပြုလုပ်မည့် အစီအစဉ်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလလယ်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here