ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်း (၄)ကျောင်း ယာယီပိတ်ထားရ

0
405

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေကာ အခြေခံပညာကျောင်း (၄) ကျောင်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းနှင့် ရင်ဆိုင်နေရသည်။ 

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်း (၄)ကျောင်းကို စက်တင်ဘာ (၄) ရက်မှ စတင်၍ ယာယီပိတ်ထားရကြောင်း ညောင်ဦးခရိုင် ခေတ္တပညာရေးမှူး ဦးအောင်ဌေးထံမှ သိရသည်။

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ညောင်ဦးမြို့နယ် တောင်ရွာနောင်အုပ်စု၊ ထောင့်ကြီးကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၁၀၅)ဦး၊ လက်ပံခြေပေါ် ကျေးရွာအုပ်စု
အုန္နဲချောင်းကွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၃၅) ဦး၊ လက်ထုပ်ကျွန်းကျေးရွာ အုပ်စု လက်ထုပ်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၇၉)ဦး၊ ဗုဒ္ဓကုန်းကျွန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/သူ (၃၆)ဦးတို့ ပညာသင်ကြားနေသည့် ကျောင်း(၄) ကျောင်းကို ယာယီပိတ်ထားရသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၇ စင်တီမီတာရောက်ရှိနေပြီး နောက်တစ်ရက်တွင် စိုးရိမ်ရေမှတ်အထက်ပေဝက်ခန့် ထပ်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားသည်။

ထို့အပြင် ညောင်ဦးမြို့နယ် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်နေသောကြောင့် မြွေအန္တရာယ် သတိပြုနေထိုင်ကြရန်၊ ရေသန့်များဆောင်ထားကြရန်၊ တံငါသည်များ ရေလမ်းကြောင်း သတိပြုသွားလာကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံသတိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

စက်တင်ဘာ (၃) ရက်ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုံဂံရှေးဟောင်း နယ်မြေရှိ အာနန္ဒာဘုရား ရင်ပြင်တော်ပေါ် အပါအဝင် ပုဂံဘုရားများ၏ ပရဝုဏ်များအထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရေစုပ်စက်ကြီးများဖြင့် ရေစုပ်ထုတ်ရှင်းလင်းခဲ့ရသေးကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here