လူသားချင်းစာနာထောက်ထားမှုအကူအညီအနေဖြင့် စင်္ကာပူက ယူကရိန်းသို့ လူနာတင်ကား ၂၂ စီးပို့မည်ဟုဆို

0
242

စင်္ကာပူ၊စက်တင်ဘာ ၇

စင်္ကာပူနိုင်ငံသည် ယူကရိန်းသို့လူသားချင်းစာနာထောက်ထားမှုအကူအညီတစ်ရပ်အနေဖြင့် အရေးပေါ်လူနာတင်ယာဉ် ၂၂ စီးပါဝင်သော အကူညီပေးရေးအစီအစဉ်တစ်ခုကို ပြုလုပ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရုရှားက အထူးစစ်ဆင်ရေး ဟုအမည်ပေးထားသော ယူကရိန်းစစ်စတင်ချိန် ၂၀၂၂ ခုနှစ်မှစ၍ ယူကရိန်းတွင် လူထောင်ချီသေဆုံးခဲ့ပြီး မြို့များပျက်စီးဆုံးရှုံးခဲ့ကာ လက်ရှိအချိန်အထိ ယူကရိန်းသည်ရုရှားနှင့်စစ်ပွဲဆင်နွှဲနေဆဲဖြစ်သည်။

စင်္ကာပူအနေဖြင့် ၂၀၂၂ ခုနှစ်ဇူလိုင်လကလည်း ယူကရိန်းသို့လူသားချင်းစာနာထောက်ထားသော အကူအညီများပေးအပ်ခဲ့သေးသည်။ အဆိုပါအစီအစဉ်တွင် လူနာတင်ယာဉ် ၉ စီး၊မီးသတ်ကား ၂ စီးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ မိုင်းရှင်းလင်းရေးကိရိယာနှင့် ဆေးဝါးအထောက်အကူပစ္စည်းများလည်းပါဝင်သည်။

ယမန်နှစ် ဧပြီလကလည်း စင်္ကာပူကြက်ခြေနီအဖွဲ့သည် ယူကရိန်းစစ်ဘေးရှောင်များအတွက် တတိယအကြိမ်မြောက်ထောက်ပံ့ငွေကိုပေးအပ်ခဲ့ပြီး အကြိမ်ရေအားလုံး၏စုစုပေါင်းတန်ဖိုး စင်္ကာပူဒေါ်လာ ၃ ဒသမ ၆၆ သန်းအထိရှိပြီဖြစ်ကြောင်းလည်းသိရသည်။

စင်္ကာပူက ကူညီခဲ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများတွင် ဆေးဘက်ဆိုင်ရာနှင့်ရှေးဦးသူနာပြုပစ္စည်းများ၊ရှားပါးရောဂါနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာပစ္စည်းများပါဝင်သည်ဟုလည်းဆိုသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here