မြစ်ကြီးနားမြို့တွင် စျေးရောင်းသွားမည့်ဆိုင်ကယ် (၂) စီးအား ကားတစ်စီးမှ တိုက်ပြီးမောင်းပြေး (၂)ဦးဒဏ်ရာရ

0
197

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်တွင် စက်တင်ဘာ (၇) ရက် ညပိုင်းက စျေးရောင်းသွားမည့် ဆိုင်ကယ်(၂)စီးအား ကားတစ်စီးမှ ဝင်တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယမန်နေ့ည (၁၁) နာရီခန့်က မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်ရှိ BOC လမ်းမကြီးပေါ်တွင် ကားတစ်စီးမှ ပန်းစီးများအား မနက်ဈေးတွင်ရောင်းချရန် သယ်ဆောင်မောင်းနှင်လာသည့် ဆိုင်ကယ် (၂) စီးအားဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ကားမောင်းတဲ့လူက ဆိုင်ကယ်နှစ်စီးကို တိုက်မိပြီးတဲ့အချိန်မောင်းပြေးသွားတယ်။ နောက် အေးစေတီရပ်ကွက်က လမ်းကြားထဲမှာ ကားကိုရပ်ထားပြီး လူဘဲထွက်ပြေးသွားတယ်။ ဖုန်းတစ်လုံးလည်းကျန်ခဲ့တယ်။ အခု တာဝန်ရှိတဲ့ လူတွေဆီမှာ တိုက်သွားတဲ့ကားနဲ့ ဖုန်းကိုအပ်ထားပါတယ်။ ဆိုင်ကယ်က (၂) စီးပါ။ အမျိုးသမီး (၃) ယောက်ပါပါတယ်။ (၂) ယောက်ဒဏ်ရာရတယ်။ (၁) ယောက်ကခေါင်းကို ထိခိုက်မိထားတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်” ဟု လူမှုကူညီရေးအသင်းဝင် တစ်ဦးကပြောသည်။

ဖြစ်စဥ်၌ ထိခိုက်ဒဏ်ရာများရရှိခဲ့သူ (၂) ဦးကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သည့် အမျိုးသမီးတစ်ဦးနှင့် ပန်းစည်းများအား ၎င်း၏ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မျိုးဆက်သစ်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here