ရွှေကုက္ကိုလ်ကျေးရွာအပါအဝင် မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ကျေးရွာများအား ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူဖြန့်ဖြူးမည့်လုပ်ငန်းအတွက် မြန်မာပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားကြောင်း နိုင်ငံပိုင်သတင်းစာမှ သိရသည်။
ကရင်ပြည်နယ်အစိုးရ၊ သယံဇာတရေးရာဝန်ကြီးဌာနက ခေါ်ယူထားသည့် အဆိုပါ တင်ဒါတွင် ကျေးရွာ (၁၄) ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် တင်ဒါ်ခေါ်ယူခြင်းဖြစ်ကြောင်း ယနေ့ စက်တင်ဘာ (၁၀) ရက်ထုတ်နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
တင်ဒါလျှောက်လွှာကို လာမည့် အောက်တိုဘာ (၄) ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကာ အောက်တိုဘာ (၁၃) ရက်တွင် တင်ဒါဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ပထမဆုံးအနေဖြင့် ထိုင်းနိုင်ငံမှ လျှပ်စစ်ဝယ်ယူကာ ပြန်လည်ဖြန့်ဖြူးပေးရန် တင်ဒါခေါ်ဆိုခြင်းဖြစ်ပြီး တရုတ်နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် မြို့သစ်စီမံကိန်းများရှိရာ ရွှေကုက္ကိုလ်မြို့တွင်မူ လူနေကျေးရွာအတွင်းသာ လျှပ်စစ်ဖြန့်ဖြူးရမည်ဖြစ်ကာ စီမံကိန်းဧရိယာ မပါဝင်ကြောင်းလည်း သိရသည်။
မြဝတီမြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်စီမံကိန်းတွင် တရုတ်ရာဇဝတ်ဂိုဏ်းများပါဝင်သည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြောင်း နိုင်ငံတကာက ထောက်ပြခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လ (၅) ရက် ညပိုင်းမှစတင်ကာ ထိုင်းနိုင်ငံမှ ဝယ်ယူဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။