မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးပညာပေးရေးနှင့်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းဆောက်လုပ်နေ

0
155

မကွေးတိုင်း၊မင်းဘူး(စကု)မြို့နယ်၊ဥယျာဉ်ဇင်ကျေးရွာအုပ်စုရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်း၌ စိုက်ပျိုးပညာပေးရေးနှင့်ဒေသဖွံဖြိုးရေးသင်တန်းကျောင်းအားဆောက်လုပ်လျက်ရှိသည်။

မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဒေသခံတောင်သူများအား စိုက်ပျိုးရေးနည်းပညာများဖြန့်ဝေဆောင်ရွက်ပေးနိုင်ရန် ဆောက်လုပ်လျက်ရှိခြင်းဖြစ်သည်။

ထိုသို့ ဆောက်လုပ်နေမှုအား မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်မှ စက်တင်ဘာ ၉ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေး၍ မကွေးတိုင်းအတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာများကို မြေပြင်တွင်လက်တွေ့ ဖြန့်ဝေပေးနိုင်ရန်ဆောက်လုပ်ပေးခြင်းဖြစ်၍ အဆောက်အဦ ရေရှည်တည့်တံ့ခိုင်မြဲရေးကို ဦးစားပေးဆောက်လုပ်ပြီး စိုက်ပျိုးရေးတောင်သူများအတွက် အမှန်တစ်ကယ် အကျိုးရှိစွာ အသုံးပြုဆောင်ရွက်သွားစေလိုသည်ဟု မှာကြားခဲ့သည်။

အဆိုပါ သင်တန်းကျောင်းအား မကွေးတိုင်းအစိုးရအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ငွေလုံး ငွေရင်းရန်ပုံငွေမှ ခွင့်ပြုငွေကျပ် ၁၆၁ ဒဿမ ၅၄၁ သန်းဖြင့်(ပေ ၉၀ x ပေ ၃၀ x ၁၂ ပေ)အရွယ်အစားရှိ RC တစ်ထပ်စာသင်ဆောင်ပင်မအဆောက်အဦးကို ရဲမာန်ဆောက် လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်လျက်ရှိသည်။

ထို့ပြင် (ပေ ၆၀ x ပေ ၃၀ x ၁၂ ပေ)အရွယ်အစားရှိ RC တစ်ထပ်စားသောက်ဆောင်နှင့်မီးဖိုဆောင်အပြင် ရေစင်၊ရေကန်နှင့်လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းများကိုလည်း ခွင့်ပြုငွေကျပ် ၁၆၀ ဒဿမ ၉၀ သန်းဖြင့် ချိုဇင်သံသာဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်လျက်ရှိသည်။

ထိုသို့ ဆောက်လုပ်နေမှုများအား ကုမ္ပဏီ ၂ ခုလုံးမှ ၂၀၂၃ ခုနှစ်၊ဩဂုတ် ၉ ရက်မှစတင်ကာတာဝန်ယူဆောက်လုပ်လျက်ရှိခြင်းဖြစ်ပြီး ဆောက်လုပ်ပြီးပါက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့်စိုက်ပျိုးရေးကဏ္ဍတွေ့ဆုံဆွေးနွေးပွဲများ၊တောင်သူပညာပေးခြင်းလုပ်ငန်းများကို တစ်နေရာထဲတွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here