နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် ပြည်သူမနာသည့်နည်းလမ်းဖြစ်

0
346

NCA စာချုပ်ကို ပင်လုံစာချုပ်ကဲ့သို့ သမိုင်းဝင်စာချုပ်တစ်ခုအဖြစ်ခံယူကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပြော

သမ္မတ(ငြိမ်း)ဦးသိန်းစိန်လက်ထက်က စတင်ခဲ့သည့် ငြိမ်းချမ်းရေးကြိုးပမ်းမှု ရလဒ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယင်းကဲ့သို့ လက်မှတ်ရေးထိုးထားသည့်အထဲတွင် ALP ပါတီလည်း ပါဝင်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်တွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းမှ အသိသက်သေများရှေ့မှောက်၌ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တာဝန်ရှိသူများနှင့် NCA စာချုပ်ကို နေပြည်တော်တွင် တရားဝင် လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။

ထို့နောက် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ထပ်မံ လက်မှတ်ရေးထိုးခဲ့သည့်အတွက် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ ရှိခဲ့ခြင်း ဖြစ်သည်။

NCA စာချုပ်ကို ပင်လုံစာချုပ်ကဲ့သို့ သမိုင်းဝင်စာချုပ်တစ်ခုအဖြစ်ခံယူကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)က ထုတ်ဖော်ပြောဆိုလာသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အနေဖြင့် PPST နှင့်အတူ လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရာ၌ NCA ၏ အနှစ်သာရများကို အခြေခံ၍ ဖြေရှင်းရမည်ဟု လေးနက်စွာယုံကြည်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် အားလုံးအနိုင်ရသောဖြေရှင်းမှု (Win-Win Solution) ပြည်သူမနာသည့်နည်းလမ်း ဖြစ်သည်ဟု ယူဆကြောင်းလည်း စက်တင်ဘာ (၇) ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်မှတဆင့် ပြောကြားထားသည်။

ထို့ကြောင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)၏ အခြေခံမူများကို ကိုင်စွဲလျက် ညီနောင်တိုင်းရင်းသားမဟာမိတ်များနှင့်အတူဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် NCA ၏ အနှစ်သာရသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့်အရပ်သား ပြည်သူများကိုကာကွယ်စောင့်ရှောက်ပေးရေး၊ နိုင်ငံရေးရည်မှန်းချက်(၇)ချက်၊လမ်းပြမြေပုံ (၈)ချက်နှင့် PPST ၏ အနှစ်သာရ (၃) ချက်တို့ကို ဆုပ်ကိုင်လျှက် ဆွေးနွေးသင့်သူများနှင့်ဆွေးနွေးကာ ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ALP ပါတီက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here