ငလျင်ဒဏ်သင့်မော်ရိုကိုအတွက် ကယ်ဆယ်ရေးသမားများပါဝင်သည့်လေယာဉ်နှစ်စီးအား စပိန်စေလွှတ်

0
263

မက်ဒရစ်၊စက်တင်ဘာ ၁၁

လူပေါင်း ၂,၁၀၀ ကျော်သေဆုံးခဲ့ရသည့်အင်အားပြင်းငလျင်ကြောင့် မော်ရိုကိုသို့ကယ်ဆယ်ရေးသမား ၈၆ ဦးနှင့်ရှာဖွေရေးခွေး ၈ ကောင်အားစေလွှတ်ခဲ့ကြောင်း စပိန်ကပြောကြားခဲ့သည်။

ငလျင်ဘေးဒဏ်သင့်မော်ရိုကို နိုင်ငံ အား ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ၌ အထောက်အကူဖြစ်စေရန်ကယ်ဆယ်ရေးသမား ၅၆ ဦးနှင့် ရှာဖွေရေးခွေး ၄ ကောင်ပါဝင်သည့် စစ်လေယာဉ်တစ်စီးသည် တနင်္ဂနွေနေ့ကထွက်ခွာသွားပြီဖြစ်ကြောင်းလည်းစပိန်ကာကွယ်‌ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အဆိုပါကယ်ဆယ်ရေးအဖွဲ့တွင် ကွန်ကရစ်တူးဖော်ရန်နှင့်ဖြတ်ရန်ကိရိယာများအပြင် ကယ်ဆယ်ရေးအဖွဲ့များဘေးကင်းစေရန်အတွက် အဆိပ်အတောက်နှင့် ပေါက်ကွဲစေတတ်သည့် အရာများကို အချိန်မီသိရှိရန်နည်းလမ်းများကိုပါတပ်ဆင်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုကယ်ဆယ်ရေးအဖွဲ့သည် တောမီး၊ငလျင်နှင့်ရေကြီးရေလျှံမှုစသည့်အ‌ရေးပေါ်အခြေအနေများဖြစ်ပေါ်ချိန်၌ အချိန်နှင့်တစ်ပြေးညီကယ်ဆယ်‌မှုမစ်ရှင်များပြုလုပ်နိုင်ရန် စပိန်တပ်မတော်မှဖွဲ့စည်းထားခြင်းဖြစ်သည်ဟုသိရသည်။

၎င်းအဖွဲ့ကို မော်ရိုကိုငလျင်မတိုင်မီကလည်း အီကွေဒေါ၊ဟေတီ၊မက္ကဆီကို၊ နီပေါနှင့်မကြာသေးမီကဖြစ်ခဲ့သောတုကီယေးနိုင်ငံ၏ မြေငလျင်ကယ်ဆယ်ရေးအတွက်စေလွှတ်ထားပြီး တုကီယေးတွင် မိခင်တစ်ဦးနှင့်ကလေးနှစ်ဦးအပါအဝင် လူခြောက်ဦးကိုကယ်ဆယ်နိုင်ခဲ့သည်ဟုလည်းဆိုသည်။

တနင်္ဂနွေနေ့ညနေပိုင်း၌ပင် ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၀ ဦးနှင့် ရှာဖွေရေးခွေး ၄ ကောင်ပါဝင်သည့် နောက်ထပ်စစ်လေယာဉ်တစ်စီးသည်လည်း မော်ရိုကိုသို့ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။

အမေရိကနှင့်ပြင်သစ်တို့အပါအဝင် အခြားနိုင်ငံများကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရန် ကတိပြုထားသော်လည်း နိုင်ငံခြားအကူအညီများဝင်ရောက်ကူညီခြင်းမပြုမီ ပထမဆုံးအနေဖြင့် မော်ရိုကိုက တရားဝင်အကူအညီတောင်းခံရန်လိုအပ်သည်ဟုလည်းသိရသည်။

Source : AFP

photo – AFP


LEAVE A REPLY

Please enter your comment!
Please enter your name here