တနင်္သာရီ တိုင်းအတွင်း၌ ဆီအုန်း ဧကပေါင်း (၄) သိန်းနီးပါးစိုက်ပျိုးထား

0
379

ပြည်တွင်း၌ စားသုံးဆီ ဖူလုံစေရေးအတွက် တနင်္သာရီတိုင်းအတွင်း၌ ဆီအုန်းစိုက်ကုမ္ပဏီ (၃၉) ခုမှ ဆီအုန်းဧကပေါင်း ၃၉၅၇၂၁ ဧကအား စိုက်ပျိုးထားကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆီအုန်းများအား ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် စိုက်ပျိုးထားခြင်းဖြစ်ပြီး အသီးခိုင်ခူးနိုင်သည့် ဧကပေါင်းမှာ ၁၈၃၃၂၁ ဧကရှိပြီး တစ်ဧက အထွက်နှုန်း ၂ ဒသမ ၇၄ တန်ရှိကြောင်း သိရသည်။

“ထွက်ရှိလာတဲ့ ဆီသီးခိုင် အများစုကို ဘုတ်ပြင်းခရိုင်နဲ့ကော့သောင်းခရိုင်မှာရှိတဲ့ ဆီကြမ်းစက်တွေကိုသွားရောင်းကြတာများတယ်။ အလေအလွင့်နဲ့ ကုန်ကျမှု စရိတ်စက များတာကြောင့် လက်ရှိ ဆီသီးခိုင်စျေးနှုန်းက တစ်တန်ကို ကျပ် ၃၃၀၀၀၀ လောက်ပေါက်စျေးရှိပါတယ်”ဟု တနင်္သာရီတိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တနင်္သာရီတိုင်းအတွင်း၌ ဆီကြမ်းစက်ရုံများအနေဖြင့် ထားဝယ်ခရိုင်တွင်(၁)ခု၊ မြိတ်ခရိုင်တွင်(၁)ခု၊ ဘုတ်ပြင်းခရိုင်တွင်(၂)ခုနှင့် ကော့သောင်းခရိုင်တွင်(၂)ခု စုစုပေါင်းဆီကြမ်းစက်ရုံ (၆) ခုရှိကြောင်း တနင်္သာရီတိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လက်ရှိအချိန်တွင် တနင်္သာရီတိုင်းအတွင်း၌ ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီပေါင်း (၃၉) ခုနှင့် ပုဂ္ဂလိကခြံရှင် (၄၀) နီးပါးခန့်ရှိပြီး မြိတ်ခရိုင်၌ ဆီကြမ်းစက်ရုံနှင့် ဆီချောစက်ရုံ၊ ကော့သောင်းခရိုင်၌ ဆီချောစက်ရုံများ ဖြစ်ပေါ်လာရန် ကုမ္ပဏီများနှင့် ဒေသခံ ဆီအုန်းစိုက်ပျိုးသူခြံရှင်များက မျှော်လင့်နေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here