စီးနင်းသည့် ခရီးသည်ဦးရေ နည်းပါးခြင်းကြောင့် မြို့ပတ်ရထား တွဲဆိုင်းများ လျှော့ချပြေးဆွဲနေ

0
268

ရန်ကုန်မြို့ပတ်ရထား စီးနင်းသူ ခရီးသည်ဦးရေ နည်းပါးခြင်းကြောင့် တွဲဆိုင်းများ လျှော့ချပြေးဆွဲနေရကြောင်း မြန်မာ့မီးရထားမှ သိရသည်။

” မြို့ပတ်ရထားကို စီးတဲ့ခရီးသည်က တော်တော်နည်းတယ်။ ဒါကြောင့် တွဲဆိုင်း‌ကို လျှော့ပြီးပြေးဆွဲလိုက်တာ။ ညနေ (၄)နာရီခွဲနောက်ပိုင်းဆိုရင် ရထားက မရှိတော့ဘူး။ မြို့တစ်ပါတ်ကတော့ ဆွဲပေးတယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့တစ်ပါတ်စီးသည့် ခရီးသည်ဦးရေသည် ပိတ်ရက်တွင် ၇၀၀၀ ဝန်းကျင်နှင့် ကြားရက်တွင် ၆၅၀၀ ဝန်းကျင်ရှိပြီး၊ ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း၌ ယခင်က ရထားအခေါက်ရေ (၃၀) ပြေးဆွဲပေးရာမှ ကိုဗစ်ကာလနှင့် ကိုဗစ်ကာလအလွန်တွင် ရုံးချိန်ရထား အခေါက်ရေ (၂၀) ခေါက်ကိုသာ ပြေးဆွဲပေးနေကြောင်း သိရသည်။

ကိုဗစ်ကာလမတိုင်ခင် ရန်ကုန်မြို့ပတ်ရထားအား တစ်နေ့လျှင် ခရီးသည် ရှစ်သောင်းခန့် စီးနင်းမှုရှိနေပြီး ရထားတစ်စင်းနှင့် တစ်စင်း ကွာခြားချိန်မှာ (၁၅)မိနစ်မှ (၄၅) မိနစ်ခန့်အထိ ကွာခြားမှုရှိနေကာ မြို့တစ်ပတ်ပြေးဆွဲမှု ကြာချိန်မှာ (၂)နာရီနှင့် (၅၀) မိနစ်ကြာမြင့်ကြောင်း သိရသည်။

လက်ရှိလုပ်ဆောင်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု လုပ်ငန်းများ ပြီးစီးပါက ရထားတစ်စင်းနှင့် တစ်စင်း (၁၀) မိနစ်မှ (၁၂) မိနစ်ခြားစီ ပြေးဆွဲမည်ဖြစ်ပြီး မြို့တစ်ပတ်ကြာချိန်အား (၁)နာရီနှင့် မိနစ် (၅၀) သို့ လျှော့ချနိုင်မည်ဖြစ်ကာ ရထားစီးခရီးသည် နှစ်သိန်းလေးသောင်းခန့်အား သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here