တစ်နိုင်ငံလုံးကာကွယ်ဆေးလိုအပ်ချက်၏ တစ်နှစ်စာသိုလှောင်ထားနိုင်မည့် ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်းပါဝင်သော ၄ ထပ်ဆောင်အဆောက်အဦးသစ်အား မရမ်းကုန်းမြို့နယ်၌ဖွင့်လှစ်

0
197

တစ်နိုင်ငံလုံးကာကွယ်ဆေးလိုအပ်ချက်၏ တစ်နှစ်စာသိုလှောင်ထားနိုင်မည့် ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း(ရန်ကုန်)တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံအကုန်အကျခံတည်ဆောက်ခဲ့သည့် ၄ ထပ်ဆောင်အဆောက်အဦးသစ်အား ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ၄ ထပ်ဆောင်အဆောက်အဦးသစ်အား စက်တင်ဘာ ၁၂ ရက်နေ့လည် ၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းတက်ရောက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့ပြင် ယခုအခါ ကာကွယ်ဆေးများအမျိုးအစား တိုးချဲ့ထိုးနှံလာခြင်းကြောင့် ဆေးနှင့်ဆေးပစ္စည်းများသိုလှောင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့်ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)တို့ပူးပေါင်းကာ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံအကုန်ကျခံတည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ကြောင့် ကာကွယ်ဆေးမျိုးစုံကို အအေးလမ်းကြောင်းမပျက် စနစ်တကျသယ်ယူပို့ဆောင်သွားနိုင်မည်ဖြစ်၍ ကာကွယ်ဆေးထိုးလုပ်ငန်းကို ပိုမိုထိရောက်စွာ အားဖြည့်ဆောင်ရွက်သွားနိုင်မည်ဟုလည်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကာကွယ်ဆေးသိုလှောင်အအေးခန်းများနှင့်အအေးလမ်းကြောင်းစနစ်များကို ကြည့်ရှုခဲ့ကြသည်။

အဆောက်အဦသစ်တွင် ကာကွယ်ဆေးများ သိုလှောင်ထားရှိရန် လူဝင်လမ်းလျှောက်နိုင်သည့် အအေးခန်း Walk In Cooler (၇)လုံး၊အေးခဲခန်း Walk In Freezer (၄)လုံးပါဝင်သည့် အခန်း၊အပူချိန် အနုတ်(၈၀)ဒီဂရီစင်တီဂရိတ်မှာ သိမ်းဆည်း သိုလှောင်နိုင်သော Ultra Cold Chain Freezer များ၊ဆေးထိုးအပ်နှင့်ဆက်စပ်ပစ္စည်းများထားရှိရာ (Dry Store)အခန်း၊ရုံးခန်းများ၊အစည်းအဝေးခန်းများပါဝင်သည်။

ထို့ပြင် လူ(၄၀၀)ခန့် တက်ရောက်နိုင်သော သင်တန်းခန်းမ(၁)ခုနှင့်သင်တန်းသား(၅၀)ခန့် တည်းခိုရန်နေရာ၊ လူစီးဓာတ်လှေကားစနစ် (၁)ခု၊ ပစ္စည်းအတင်အချ ဓာတ်လှေကားစနစ် (၁)ခု၊နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစနစ်များနှင့် 300 KVA Back-up Generator မီးစက် (၂) လုံး၊ ဂါလံ (၁၀၀၀၀)ဆံ့ ရေကန်တို့လည်းပါရှိကာတစ်နိုင်ငံလုံးကာကွယ်ဆေးလိုအပ်ချက်၏ တစ်နှစ်စာကိုသိုလှောင်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here