မြဝတီမြို့တွင် ဆိုင်ဝန်ထမ်း (၅) ဦးက ဆိုင်ရှင်အားလက်ပြန်ကြိုးတုတ်ရိုက်နှက်ကာ ငွေကျပ်သိန်း (၁၀၀) ၊ ဖုန်းနှင့်လက်ဝတ်ရတနာများအား ယူဆောင်ထွက်ပြေး

0
496

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြေနီကုန်းရပ်ကွက်ရှိ ဂျပန်ပစ္စည်းအရောင်းဆိုင်မှ ဆိုင်ဝန်ထမ်း ၅ ဦးသည် ဆိုင်ရှင်အား လက်ပြန်ကြိုးတုတ် ရိုက်နှက်ကာ ငွေကျပ်သိန်း (၁၀၀)၊ဖုန်းနှင့် လက်ဝတ်ရတနာများအား ယူဆောင်သွားခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ (၁၂) ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် (၈) နာရီခွဲခန့်က မြဝတီမြို့၊ မြေနီကုန်းရပ်ကွက်ရှိ ဂျပန်ပစ္စည်းအရောင်းဆိုင်တွင် ဆိုင်ဝန်ထမ်း အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၃) ဦးတို့မှ ဆိုင်ပိုင်ရှင်အား ရိုက်နှက်ပြီးနောက် လက်ပြန်ကြိုးတုတ်ကာ ငွေကျပ်သိန်း (၁၀၀) ၊ဖုန်း၊ ဆွဲကြိုးနှင့် ဟမ်းချိန်းတို့အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်းက မိုးအရမ်းရွာနေတဲ့ အချိန်မှာဖြစ်သွားတာလို့သိရတယ်။ အဲဒီအလုပ်သမား (၅) ယောက်က အလုပ်ဝင်တာ မကြာသေးဘူး။ ပိုင်ရှင်ရဲ့ ခေါင်းကို ဘေ့စ်ဘောရိုက်တုတ်တံနဲ့ ရိုက် လက်ပြန်ကြိုးတုတ်ပြီး ငွေသားနဲ့ ပစ္စည်းတွေကိုယူသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ဆိုင်ရှင်ဖြစ်သူမှလည်း လုယက်သွားသူများအား တွေ့ရှိ၍ သတင်းပေးပါက ၎င်းတို့အား ဖမ်းဆီးရမိချိန်၌ သတင်းပေးသူအား ငွေကျပ်သိန်း ၃၀ ကျေးဇူးဆပ်မည်ဟု အသိပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here