ရန်ကုန်မှ Taxi များ City Taxi Board ပုံစံတပြေးညီ ထားရမည်

0
442

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် City Taxi များ၏ Taxi Board များသည် ပုံစံတပြေးညီ ထားရှိရမည်ဖြစ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ရန်ကုန်မြို့တွင်းရှိ City Taxi များ၏ Taxi Board များသည် အရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ ထားရှိသည့်နေရာအမျိုးမျိုးဖြင့် ကွဲပြားစွာ တပ်ဆင်ပြေးဆွဲ သွားလာနေခြင်းကြောင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေး၊ပြဌာန်းထားသည့် ဥပဒေနည်းဥပဒေနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီဖြစ်စေရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယခုလို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မော်တော်ယာဉ် စီမံခန့်ခွဲမှုနည်းဥပဒေအရ အမိုးတွင် ဆေးနီဖြင့် ရေးသားထားသော “Taxi” စာသားကို မြင်နိုင်စေသည့် အဖြူရောင်ဆိုင်းဘုတ်မီးအိမ်တပ်ဆင်ထားရမည်ဟူသည့် နည်းဥပဒေအတိုင်း တပြေးညီတပ်ဆင်ပြေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။

ယင်း Taxi Board ၏ အရွယ်အစားများမှာ အောက်ခြေအလျား ၁၀ လက်မ၊ အပေါ် အလျား ၉ လက်မ၊ အောက်ခြေအကျယ် ၅ လက်မ၊ အပေါ်အကျယ် ၂ လက်မနှင့် အမြင့် ၃ လက်မ ဖြစ်ပြီး ခေါင်မိုးပေါ်မှန်ထိပ်မှ ၁ ပေအကွာ ဘယ်/ညာ ညီညာစွာ တပ်ဆင်ထားရမည်ဖြစ်ကြောင်းလည်း သိရသည်။

စက်တင်ဘာ (၁၀) ရက်မှ ဒီဇင်ဘာ (၈) ရက်အထိ ပညာပေးကာလသတ်မှတ်ထားပြီး ယင်းကာလကျော်လွန်ပါက ယာဉ်အန္တရယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်သီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၉၆) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here