INGO/ NGO များ မဖြစ်မနေ မှတ်ပုံတင်လျှောက်ရန် လိုအပ်

0
475

မြန်မာနိုင်ငံအတွင်း အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်နေသည့် NGO နှင့် INGO အဖွဲ့အစည်းများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရာတွင် အစိုးရဌာနဆိုင်ရာ၏ ထောက်ခံချက် ရယူရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားလိုက်သည်။

ယနေ့ စက်တင်ဘာ (၁၄) ရက် နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် NGO/INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံဖြစ်၍ ကျေးလက်ဒေသများ၊ နယ်စပ်ဒေသများ၊ ဝေးလံခေါင်သီသော ဒေသများ၏ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် INGO နှင့် NGO ကဲ့သို့သော အသင်းအဖွဲ့များ၏ အားကိုရယူနေရကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

အသင်းအဖွဲ့များအနေဖြင့်လည်း ဥပဒေနှင့်အညီ အကူအညီပေးနိုင်ရန် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက်ထားရာတွင် အစိုးရဌာန အဖွဲ့အစည်းများ၏ ထောက်ခံချက်များရယူရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် သက်ဆိုင်ရာဌာနများအနေဖြင့် ဌာနအဖွဲ့အစည်း၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး မြန်ဆန်စွာဆောင်ရွက်ပေးရမည်ဟုလည်း မှာကြားခဲ့သည်။

မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များ၏ အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်မှုအပေါ် အကဲဖြတ်သတ်မှတ်သည့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့၏ နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်မှုအစီရင်ခံစာအရ ပရဟိတအဖွဲ့အစည်းများသည် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့ရာ၌ အသုံးချခံရနိုင်ခြေများ၍ ငွေ ကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ စံနှုန်းများကို လိုက်နာဆောင်ရွက်မှု အားနည်းသည်ဟု သတ်မှတ်ခံထားရကြောင်းလည်း ဝန်ကြီးက ထည့်သွင်း ပြောကြားသွားသည်။

အဆိုပါ အခြေအနေမျိုးရှိနေသည့်အတွက်  INGO/ NGO များကို အသုံးချကာ တရားမဝင်ကိစ္စများအတွက် ထောက်ပံ့မှုများ မဖြစ်စေရန်လိုအပ်ပြီး INGO နှင့် NGO များအနေဖြင့်လည်း အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here