မြစ်ကြီးနားမြို့နှင့် ခရိုင်မြို့ကြီးများတွင် စားသောက်ကုန်များ ​လျော့​စျေးဖြင့်ရောင်းချပေးနေ

0
288

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့ အပါအဝင် ခရိုင်မြို့ကြီးများ အားလုံးတွင် ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသော ဈေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေးနေကြောင်း သိရသည်။ 
ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်ကာ ပြည်သူများ ဝန်ထုတ်ဝန်ပိုး မဖြစ်ပေါ်စေရေးအတွက် အခွန်လွတ်ဈေး၊ သက်သာသောဈေးများဖွင့်လှစ်၍ ပြင်ပပေါက် ဈေးနှုန်းထက် ချိုသာသောနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ (၁၄)ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ဈေးသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့မှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်သာဈေးတွင် စည်ပင်သာယာရေးအဖွဲ့မှ ကြက်၊ ဝက်၊ အမဲ၊ ငါးများ ရောင်းချပေးနေမှု၊ ပြည်နယ်ဆန်ကုန်သည်ကြီးများ အသင်းမှ မှော်ဘီဆန်ရောင်းချပေးနေမှု၊ ကချင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီရောင်းချပေးနေမှု၊ ဌာနဆိုင်ရာများ၊ သမဝါယမအစုအဖွဲ့များ၊ ကိုယ်တိုင်စိုက်ပျိုးရေးထုတ်လုပ်သူများက ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား ရောင်းချလျက်ရှိကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ အဆင်ပြေ လွယ်ကူစွာ ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်၊ စားသုံးဆီများအား ရပ်ကွက်နေ ပြည်သူအားလုံးဝယ်ယူရရှိနိုင်ရေး စနစ်တကျရောင်းချပေးရန်၊ ဟင်းသီးဟင်းရွက်နှင့် သား/ငါးများအား စားသုံးသူအန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်ပြီးမှ ရောင်းချသွားနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သက်သာဈေးတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်ပြည်လျှင် ငွေကျပ် (၃၀၀၀) နှုန်း၊ ပဲဆီတစ်ပိဿာလျှင် ငွေကျပ် (၁၆၀၀၀)၊ စားအုံးဆီ တစ်ပိဿာလျှင် ငွေကျပ် (၄၇၅၀) နှုန်း၊ မုန်ညှင်းဆီ တစ်ပိဿာလျှင် ငွေကျပ် (၁၅၀၀၀) နှုန်း၊ ဝက်သား၊ အမဲသား၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ နို့ဆီနှင့် ဟင်းသီးဟင်းရွက်အမယ်စုံတို့ကို ပြင်ပပေါက်ဈေးထက် လျှော့ချ၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်ဈေး (၁၀) ခုတို့တွင် တစ်ပတ်လျှင် နှစ်ကြိမ် အလှည့်ကျ လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here