NCA စာချုပ် တရားဝင် ပျက်ပြယ်ကြောင်းမထုတ်ပြန်ခဲ့သည့်အပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းမည်ဟု KNU  တပ်မဟာ(၇) ဥက္ကဋ္ဌ ထုတ်ပြောလာ

0
433

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တရားဝင်ပျက်ပြယ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇) ဘားအံခရိုင်မှ စက်တင်ဘာ (၁၄) ရက်က ထုတ်ပြန်အသိပေးခဲ့သည်။

ထို့ပြင် နယ်မြေဒေသတည်ငြိမ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် NCA ကိုအခြေခံပြီး ပြည်သူ့အကျိုးကိုရှေ့ရှု၍ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာလာနိုင်ကြရေးဆောင်ရွက်သွားမည်ဟုလည်း KNU တပ်မဟာ (၇) ဥက္ကဋ္ဌက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရ အကြားဆန့်ကျင်တိုက်ခိုက်လာရသည့် အကြောင်းရင်းသည် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းအရအဖြေမရှာဘဲ စစ်ရေးနည်းဖြင့် အဖြေရှာလာခြင်းမှ ဖြစ်ပေါ်လာရသော ပြဿနာကြီးကြောင့် နှစ်(၇ဝ)ခန့် စစ်ပွဲအတွေ့အကြုံကို အခြေခံ၍ အဖြေရှာခဲ့ခြင်းဖြစ်ကြောင်းလည်း တပ်မဟာ(၇) ဥက္ကဋ္ဌက ထည့်သွင်းပြောကြားထားသည်။

လက်ရှိတွင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ ဆုံအဖြေရှာခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်ချက်တရပ် ရရှိလာသည်ဟုလည်း ဆိုသည်။

ထို့ကြောင့် KNU ကွန်ကရက်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းစဉ်၊လုပ်ငန်းစဉ်နှင့် ရှေ့လုပ်ငန်းစဉ်တွင် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် အတိအလင်းဖော်ပြထားပြီးဖြစ်သည်ဟု ရေးသားထုတ်ပြန်ခဲ့သည်။

KNU အနေဖြင့် နိုင်ငံရေး ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးသဘောထားများကို NCA စာချုပ်တွင် အခြေ ခံအားဖြင့် ထားရှိနိုင်ရန် ထည့်သွင်းထားပြီးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။

KNU တပ်မဟာ(၇) အနေဖြင့် ပြည်သူ့အကျိုးကိုရှေ့ရှု၍ နိုင်ငံရေး ပြဿနာကို နိုင်ငံနည်းဖြင့် ဖြေရှင်းနိုင်ရေး ဆောင်ရွက်သွားမည်ဟု ဥက္ကဋ္ဌ စောအောင်မော်ဧ က  ထုတ်ဖော်ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here