UWSA မှ ထိုင်း-မြန်မာနယ်စပ်တွင် လက်နက်/ခဲယမ်းများ၊မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ၂ ဦးနှင့်ဖမ်းဆီးရမိထားသည်များကို တာဝန်ရှိသူများထံလွှဲပြောင်းပေးခဲ့

0
188

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)မှ ထိုင်း-မြန်မာနယ်စပ်တွင် လက်နက်/ခဲယမ်းများ၊မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ၂ ဦးနှင့်ဖမ်းဆီးရမိထားသည်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံ စက်တင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဟွေအောမြို့နယ်ရုံး၌လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

UWSA အဖွဲ့၊ စစ်ဒေသ(၁၇၁)၊တပ်မဟာ(၇၅၅)မှ ဒု-နိုင်ငံရေးမှူးနှင့်အဖွဲ့ဝင်များသည် သြဂုတ် ၂၉ ရက်က မူးယစ်ဆေးဝါးများသယ်ဆောင်မည့်သတင်းအရ မြန်မာ-ထိုင်းနယ်စပ်တစ်ဝိုက်တွင် ဖမ်းဆီးရမိရေးအတွက် စောင့်ဆိုင်းနေခဲ့ကြသည်။

ထိုသို့ စောင့်ဆိုင်းနေစဥ် မြန်မာနိုင်ငံဘက်မှထိုင်းနိုင်ငံဘက်သို့မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟုယူဆရသည့် လူတစ်စုအားတွေ့ရှိရ၍ စစ်ဆေးရန်ရပ်တန့်ခိုင်းရာ ၎င်းတို့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ပြန်လည်ပစ်ခတ်ဖမ်းဆီးရာ အမျိုးသား ၂ ဦးအား WY စာတမ်းပါဆေးပြား (၂၀၀၀၀၀ ပြား)ခန့်၊ကျောပိုးအိတ်(၂)လုံး၊ M-16 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ထွက်ပြေးသွားသူများအားလိုက်လံဖမ်းဆီးရာ မြန်မာ-ထိုင်းနယ်စပ် bp1နှင့် bp2 ကြားတွင် ကျောပိုးအိတ် ၄ လုံး၊ WY စာတမ်းပါဆေးပြား (၄၀၀၀၀၀ ပြား)ခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိပြီး လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး UWSA အနေဖြင့် ထိုသို့ လွှဲပြောင်းပေးအပ်ခဲ့သည်မှာ ယခုအကြိမ်အပါအဝင် အကြိမ် ၂၀ ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် UWSA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာအစိုးရနှင့်ပူးပေါင်းကာ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖမ်းဆီးရမိသူ ၂ ဦးနှင့်ဖမ်းဆီးရမိထားသည်များအား လွှဲပြောင်းပေးအပ်စဥ် UWSA ၏တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်


LEAVE A REPLY

Please enter your comment!
Please enter your name here