သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်း Phase (၂)ခုခွဲ၍ လုပ်ဆောင်သွားမည်

0
411

တနင်္သာရီတိုင်းဒေသကြီးအတွင်း အသက်(၉)နှစ်ပြည့်ပြီးနှင့် အသက် (၁၂)နှစ် မပြည့်သေးသော မိန်းကလေးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ကျောင်းအခြေပြုနှင့် ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်း Phase (၂)ခုခွဲ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ပြောဆိုလိုက်သည်။

အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၁၆)ရက် မွန်းလွဲ (၂) နာရီ အချိန်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာတွင် ဝန်ကြီး ဦးသန့်ဇင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

မိန်းကလေးငယ်များကို အသက်(၉)နှစ် အရွယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးပေးခြင်းအားဖြင့် ဗိုင်းရပ်(စ်)ပိုးနှင့် စတင်ထိတွေ့ခြင်း မရှိမှီအချိန်တွင် ကြိုတင်ကာကွယ်ထားနိုင်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း အနေဖြင့် Phase (၂)ခုခွဲ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းအတွက် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ၊ ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို လိုအပ်ချက်နှင့်အညီ စနစ်တကျ တွက်ချက်တောင်းခံရန်၊ ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူများအား အသိပေး အကြောင်းကြားထားရမည်ဟုလည်း ဝန်ကြီးက ပြောဆိုခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဘေးကင်း စိတ်ချရမှုစေရေးနှင့် ဆေးထိုးပြီးနောက် မလိုလားအပ်သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ (AEFI) အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ၊ AEFI ဖြစ်ပွားမှု ရှိ/ မရှိ၊ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ထိုနောက်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အောင်ငွေစံက သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံပေးမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းလုပ်ဆောင်ရမည့် အခြေအနေများနှင့် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများအား ရှင်လင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here