ပြည်ပနိုင်ငံများသို့ လုပ်သားစေလွှတ်မှုတွင် သက်ဆိုင်ရာနိုင်ငံအလိုက် မှန်မှန်ကန်ကန်လုပ်ဆောင်ရန်လိုအပ်ဟု အလုပ်သမားဝန်ကြီးပြော

0
339

ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီများအနေဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပပြုလုပ်သည့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီနှင့် အလုပ်သမားတို့အကြားချုပ်ဆိုမည့် စံစာချုပ်ကို စက်တင်ဘာ (၁) ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ အားလုံးကို အကြောင်းကြားထားပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါ စာချုပ်အရ မိသားစုလွှဲပို့ငွေများမှ လစဉ်အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းဖြင့် လွှဲပြောင်းပေးပို့ရမည်ဖြစ်ပြီး အလုပ်သမားများအနေဖြင့် ပြည်ပမှ တရားဝင်လွှဲပေးပို့နိုင်သည့် နည်းလမ်းများနှင့်အကျိုး ကျေးဇူးများကို ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရာတို့တွင် အလုပ်သမားများအား ရှင်းပြပေးရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

တရားဝင်လမ်းကြောင်းမှ လွှဲပို့သည့်အတွက် မိခင်နိုင်ငံ၏ ဝင်ငွေတစ်ခုအဖြစ် ပြန်လည်ဝင်ရောက် လာမည်ဖြစ်သကဲ့သို့ အလုပ်သမားများ၏ မိသားစုလူမှုစီးပွားကောင်းမွန် တိုးတက်လာမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သ ည်။

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်းကို ယခင်က အလုပ်သမားများနေထိုင်ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တို့တွင် ချုပ်ဆိုခွင့်ပြုရာမှ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုတည်းတွင်သာ ချုပ်ဆိုခြင်းကို စက်တင်ဘာ (၁၁) ရက်မှ စတင်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ လူမှု ဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုနိုင်၊ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ (၁) နှင့် (၂)၊ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ချုပ်မှအဖွဲ့ဝင်များ၊ အေဂျင်စီများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here