အွန်လိုင်းလိမ်လည်မှု ဆက်စပ်သူ တရုတ်နိုင်ငံသား (၁၀၉) ဦးအား “ဝ” တပ်ဖွဲ့က ဖမ်းဆီးကာ တရုတ်ထံထပ်မံလွှဲပေးခဲ့

0
460

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန်လိုင်းလိမ်လည်မှုများနှင့် ဆက်စပ်သူ (၁၀၉) ဦးအား တရုတ်ရဲတပ်ဖွဲ့ထံ သို့ ယမန်နေ့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း “ဝ”ပြည်သွေး စည်းညီညွတ်ရေး တပ်မတော်(UWSA) ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပေါ်ပြူလာနယူစ်းသို့ ပြောသည်။

အဆိုပါ (၁၀၉) ဦးတွင် အွန်လိုင်းလိမ်လည်မှုများနှင့်ဆက်စပ်သည့် တရားခံပြေး (၁၁) ဦးလည်းပါဝင်ပြီး အခြားဆက်စပ်ပစ္စည်းများပါ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၃) ရက်ကလည်း မိုင်းလားအထူးဒေသအတွင်းမှ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းနေရာ (၁၁) ခုရှိ ဆက်စပ်သူဦးရေ (၂၆၉)ဦးအား ဒေသခံအဖွဲ့အစည်းများ နှင့်ပူးပေါင်းကာ စီးနင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်အစိုးရဘက်မှ စက်တင်ဘာ (၅) ရက်တွင် သတင်းထုတ်ပြန်ထားသသည်။

ထို့ပြင် စက်တင်ဘာလ (၆) ရက်နှင့် (၇) ရက်တွင်လည်း “ဝ ”ပြည်နယ်ရဲတပ်ဖွဲ့မှ ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား (၁၂၀၇ဦး) အား ဖမ်းဆီးကာတရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့‌ပြီး ယခု ဒုတိယအကြိမ် ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ် – ထိုင်း – မြန်မာ – လာအို (၄) နိုင်ငံရဲတပ်ဖွဲ့များသည် လောင်းကစားနှင့်လိမ်လည်မှုအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် အထူးပူးတွဲလှုပ်ရှားမှုစတင်ခဲ့ပြီး ဒေသတွင်းဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ များစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် သဘောတူညီမှုရယူထားခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီမှုရယူပြီးနောက်ပိုင်း  ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူများကို ဆက်တိုက်ဖမ်းဆီးနေပြီး ပြည်ပနိုင်ငံများတွင်လည်း ဖမ်းဆီးမှုများရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here