မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၂၀)၊ နောင်ခမ်းကျေးရွာရှိ နောင်ခမ်းကြီးရေကန်တွင် ယနေ့ စက်တင်ဘာ (၁၇) ရက် နေ့လယ်ပိုင်းက အမျိုးသားတစ်ဦးရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယနေ့ နေ့လယ် (၁) နာရီကျော်ခန့်က နောင်ခမ်းကြီးရေကန်တွင် အသက် (၁၅)နှစ် အရွယ်ခန့်ရှိ လူငယ် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားသဖြင့် ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းတို့မှ ရှာဖွေကယ်ဆယ်ခဲ့ကြကြောင်း သိရသည်။
“မွန်းလွဲ ၂ နာရီလောက်မှာ ရေနစ်ပျောက်ဆုံးနေတဲ့ ကလေးရဲ့ရုပ်အလောင်းကို ပြန်တွေ့ခဲ့ပါတယ်။ ကောင်လေးကအသက်(၁၅)နှစ်လောက်ပဲရှိသေးတယ်။ ရေဆင်းကူးရာကနေ ရေနစ်သွားတာလို့သိရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
အဆိုပါ ရေနစ်သေဆုံးခဲ့သည့် ရုပ်အလောင်းအား သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-သန္တိသုခအသင်း