မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းမှုများ မြှင့်တင်မည်

0
172

မြန်မာ – ဘယ်လာရုစ်နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးအယ်လယဲနိခ်တို့က ပူးတွဲဦးဆောင်ကျင်းပသည့် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံဆွေးနွေးပွဲအား စက်တင်ဘာ (၁၅) ရက် နံနက်ပိုင်း၌ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် ဆောင်ရွက်ဆဲ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်သွားနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများကြား ဆွေးနွေးပွဲများ ကျင်းပသွားရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ မြန်မာ – ဘယ်လာရုစ် နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာအထူးသဖြင့် ကုလသမဂ္ဂ မျက်နှာစာတွင် ဘယ်လာရုစ်နိုင်ငံက မှန်ကန်သည့်ရပ်တည်ချက်ကိုအခြေခံကာ နားလည်မှုနှင့် ခိုင်မာစွာထောက်ခံမှုများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့ဖွင့်လှစ်နိုင်ရန် ကူညီပံ့ပိုးပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲမပြုလုပ်မီ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးအယ်လယဲနိခ်တို့ သီးသန့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုနှင့် တန်းတူရည်တူရှိမှုတို့ကို အခြေခံကာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here