ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ရန် စာချုပ်ချုပ်ဆိုနိုင်ရေးလုပ်နေ

0
795

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆန်လိုအပ်ချက်နှင့် မြန်မာနိုင်ငံ၏ ဆန်ရောင်းချနိုင်မှုအရ ဆန်ရောင်းဝယ်ရေး စာချုပ်များ ထပ်မံချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရအကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ နားလည်မှုစာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန်နှစ်သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ ကို တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်ဖြူတန်ချိန် နှစ်သိန်းတင်ပို့ထားပြီး ထပ်မံတင်ပို့ရန်အတွက် စာချုပ်ချုပ်ဆိုရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် စက်တင်ဘာ (၇) ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန၊ ဝန်ကြီးတို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှု စာချွန်လွှာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှနှစ်စဉ်ဆန်ဖြူတန်ချိန် ၂၅၀၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ အား ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ဝယ်ယူရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

အဆိုပါနားလည်မှု စာချွန်လွှာအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန၊ စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနတို့အကြား Sales Contract များ ချုပ်ဆို၍ မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်းအား ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်းအား ၂၀၂၁ ခုနှစ်တွင်လည်းကောင်း တင်ပို့ရောင်းချခဲ့သည်။

တတိယ အကြိမ်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန်၂၀၀၀၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here