သက်ဆင်အား ပြီးခဲ့သည့်အပတ်ကခွဲစိတ်မှုလုပ်ခဲ့ရကြောင်း သမီးဖြစ်သူဆို

0
217

ဘန်ကောက်၊စက်တင်ဘာ ၁၉

အကျဉ်းချခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် လွန်ခဲ့သည့်အပတ်က ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း ၎င်း၏သမီးဖြစ်သူကပြောကြားခဲ့ပြီး မိသားစုအနေဖြင့်လည်း ၎င်းအား ခံဝန်ဖြင့် လွတ်ပေးရန် တောင်းဆိုနေကြောင်းပြောကြားခဲ့သည်။

အသက် ၇၄ နှစ်အရွယ်ရှိ ဘီလျံနာစာရင်းဝင်သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြုတ်ချခံခဲ့ရကာ ပြည်ပတွင် ၁၅ နှစ်ကျော် နေထိုင်ခဲ့သူလည်းဖြစ်သည်။

သို့သော်ပြီးခဲ့သည့်လက နိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီး အာဏာအလွဲသုံးစားလုပ်မှု၊အကျိုးစီးပွားပဋိပက္ခများအပါအဝင် အမှုသုံးခုကြောင့် မျက်ကွယ်ပြစ်ဒဏ်ဖြင့် ထောင်သွင်းအကျဉ်းကျခံရန်အမိန့်ချမှတ်ခံခဲ့ရခြင်းလည်းဖြစ်သည်။

၎င်းအား နိုင်ငံပြန်ရောက်ရောက်ချင်းပင် ထောင်ဒဏ်ရှစ်နှစ်ကျခံရန်သတ်မှတ်ခဲ့သည်။ သို့သော် အမိန့်ချပြီးသည့်နေ့မှာပင် မစ္စတာသက်ဆင်၏ကျန်းမာရေးအခြေအနေအရ ရဲဆေးရုံသီးသန့်ခန်းသို့ ရွှေ့ပြောင်းခဲ့ရပြီး ရက်ပိုင်းအတွင်း၌ပင် ဘုရင်မဟာ ဗာဂျီရာလောင်ကွန်းကလည်း ၎င်း၏ပြစ်ဒဏ်ကို ရှစ်နှစ်မှတစ်နှစ်အထိလျှော့ချပေးခဲ့သည်။

ထိုင်းနိုင်ငံ၏ဥပဒေအရ ရောဂါအခံရှိသည့်သက်ကြီးအကျဉ်းသားများအနေဖြင့် ပြစ်ဒဏ်ချခံရသည့်အချိန်မှစ၍ အနည်းဆုံးခြောက်လနေပြီးပါက ခံဝန်လျှောက်ထားခွင့်ရှိသဖြင့် သက်ဆင်သည်လည်း လာမည့်နှစ်ဖေဖော်ဝါရီမှစ၍ ခံဝန်လျှောက်ထားခွင့်ရှိပြီဖြစ်သည်ဟုသိရှိရသည်။

မစ္စတာသက်ဆင်အား ရဲဆေးရုံသို့ရွှေ့လိုက်ချိန်တွင် ၎င်းသည် ရင်ဘတ်အောင့်ခြင်း၊သွေးတိုးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်နည်းခြင်းများ ခံစားနေရသည်ဟု ထောင်အရာရှိများကပြောကြားခဲ့သည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here