ခရီးသွားလုပ်ငန်းသည် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းကို များစွာဖန်တီးပေးနိုင်သော ကဏ္ဍတစ်ခု ဖြစ်ဟုဆို

0
295

ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းကို များစွာကို ဖန်တီးပေးနိုင်သည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောကြားခဲ့သည်။

ယနေ့ စက်တင်ဘာ (၂၂) ရက်တွင် ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်ဝန်းအတွင်းရှိ ၊ ရန်ကုန်ကွန်ဗင်းရှင်းစင်တာခန်းမ၌ ပြုလုပ်သည့် Let’s Go VACS Yangon Travel Fair 2023 ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

” ယနေ့ကျင်းပတဲ့ ခရီးသွားပြပွဲမှာ သက်ဆိုင်ရာ ဇုံအလိုက်ခွဲခြားပြီး ခင်းကျင်းပြသမှုကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာရှိတဲ့ လုပ်ငန်းရှင်များဟာ ယခင်နဲ့မတူဘဲ အတွေးသစ်၊ အမြင်သစ်တွေေကို ခေတ်စနစ် ပြောင်းလဲမှုပေါ်မှာ မူတည်ပြီး တီထွင်ဆန်းသစ်လာတာကိုလည်း တွေ့ရပါတယ်၊ လူငယ်တွေရဲ့ ခေတ်မှီ ဆန်းသစ်တဲ့ အတွေးအခေါ် အယူအဆတွေကိုလည်း တွေ့ရပါတယ်။ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာဖို့အတွက် ကုန်သည်စက်မှုအသ င်းချုပ်က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကုန်စည်ပြပွဲအခမ်းအနားများနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း အပါအဝင် ညီနောင်အသင်းများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားပါမယ်” ဟု ၎င်းကပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၇)ရက်တွင် ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) ကို ကြိုဆိုသည့်အနေဖြင့် မြန်မာနိုင်ငံ ကုန်စည်ပြပွဲ၊ အခမ်းအနားများနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း၏ လူငယ်အဖွဲ့ (Youth Cluster)က Let’s Go VAC S Yangon Travel Fair 2023 ကို စီစဉ်ကျင်းပခြင်းဖြစ်သည်။

အဆိုပါ ပြပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၂)ရက်မှ (၂၄) ရက်အထိ (၃)ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အခမ်းအနားတွင် လေကြောင်းလိုင်းများ၊ ခရီးသွားကုမ္ပဏီများ၊ ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ ခရီးသွား လုပ်ငန်းများ၊ ပင်လယ်၊ တောင်ပေါ်၊ မြေပြန့်နှင့် ပုဂံရှေးဟောင်းဒေသရှိ ဟိုတယ်များနှင့် အပန်းဖြေစခန်းများ၊ ဘဏ်လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ အစရှိသည့် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းကဏ္ဍအသီးသီးတို့မှ ပြခန်းပေါင်း (၁၀ ၀)ကျော် ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

Let’s Go VACS Yangon Travel Fair 2023 ပြပွဲအခမ်းအနားကို မြန်မာနိုင်ငံ ကုန်စည်ပြပွဲ၊ အခမ်းအနားများနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း(MEECA) ဥက္ကဋ္ဌ ဦးမင်းသိန်း၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း၊ MEECA အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် မိတ်ဖက်များက တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြပွဲတွင် Myanmar Tourism Bank မှ ခရီးသွားကဏ္ဍမြှင့်တင်ရန် ခရီးသွားလိုသူ ပြည်သူများအတွက် ခရီးသွားချေးငွေ (Travel Loan) ထုတ်ချေးမည့် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here