ပြစ်ဒဏ်ကာလပြီးပါက သက်ဆင်တွင် ရာထူးတစ်‌နေရာ ရှိနေနိုင်ဟုဝန်ကြီးချုပ်သစ်ဆို

0
238

နူးယော့ခ်၊စက်တင်ဘာ ၂၂

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာသည် ပြစ်ဒဏ်မှလွတ်မြောက်သည့်အခါ၌ ရာထူးတစ်နေရာရာဖြင့် နိုင်ငံရေးလောကသို့ပြန်လည်ဝင်ရောက်လာနိုင်သည်ဟု လက်ရှိဝန်ကြီးချုပ်သစ် ဆရီသာသာဗီဆင်ကပြောကြားခဲ့သည်။

ယခုအချက်သည် ထိုင်းနိုင်ငံ၏နိုင်ငံရေးလောကအပေါ် မစ္စတာသက်ဆင်၏လွှမ်းမိုးနိုင်မှုအား သိသာထင်ရှားစေသည့်အချက်တစ်ခုလည်းဖြစ်သည်။

“သက်ဆင်ဟာ ထိုင်းပြည်သူတွေအတွက် ရောအစိုးရအဖွဲ့ အတွက်ပါ ပိုကောင်းအောင် လုပ်ပေးနိုင်တဲ့သူ တစ်ဦးဖြစ်တယ်လို့ ကျနော်ယူဆပါတယ်” ဟု မစ္စတာဆရီသာက နူးယော့ခ်မြို့ရှိ ကုလအထွေထွေညီလာခံသို့ တက်ရောက်နေသည့် Bloomberg ရုပ်သံ သတင်းထောက် ဟက်စ်လင်ဒါအာမင် (Haslinda Amin) နှင့် အင်တာဗျူးပြုလုပ်ချိန်တွင်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်သစ်မစ္စတာဆရီသာသည် စစ်တပ်၏ လွှမ်းမိုးမှုအောက်တွင် ဆယ်စုနှစ်တစ်စုနီးပါးကြာ ရောက်ရှိခဲ့သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသူတစ်ဦးလည်းဖြစ်သည်။

“မစ္စတာသက်ဆင်ဟာ ထိုင်းနိုင်ငံရေးသမိုင်းမှာ လူကြိုက်အများဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး အခုထိလည်း ဖြစ်နေဆဲလို့ပြောနိုင်ပါတယ်။ဒါကြောင့် သူ့ပြစ်ဒဏ်ကလွတ်လာရင် မစ္စတာသက်ဆင်ရဲ့အကြံဉာဏ်တွေနဲ့ အခြားဝန်ကြီးချုပ်ဟောင်းတွေရဲ့ သဘောထားနဲ့အကြံဉာဏ်တွေကို မတောင်းခံဘူးဆိုရင် ကျွန်တော်မိုက်မဲရာကျပါလိမ့်မယ်” ဟု လည်းဆရီသာကပြောကြားခဲ့သည်။

သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ပြည်ပတွင် ၁၅ နှစ်ကြာနေထိုင်ခဲ့ပြီးနောက် ထိုင်းသို့ပြန်လည် ရောက်ရှိချိန်မှာပင် အာဏာအလွဲသုံးစားမှု အပါအဝင် အခြားစွဲချက်များဖြင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

သို့သော် ထိုင်းဘုရင်၏ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုကြောင့် ထောင်ဒဏ် ၈ နှစ်မှ ၁ နှစ်အထိ လျှော့ပေါ့ခံခဲ့ရပြီး လက်ရှိတွင်၎င်း၏ကျန်းမာရေးအခြေအနေအရ ရဲတပ်ဖွဲ့အထွေထွေဆေးရုံ၌ ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီးနောက် ကျန်းမာရေး စောင့်ရှောက်မှုခံယူနေရသည်ဟုလည်းသိရသည်။

Ref 1 : Bangkok Post
Ref 2 : The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here