ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့

0
178

ရခိုင်ပြည်နယ်သို့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်း ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ MV Royal Venus ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် မြန်မာလိုင်စင်ရ ကန်ထရိုက်တာများ အများနှင့်သက်ဆိုင်သော ကုမ္ပဏီတို့မှ ပေးပို့သည့် ၉ မီတာ ကွန်ကရစ်မီးတိုင် အလုံး (၇၀၀) ၊ ဘိလပ်မြေ တန် (၁၀၀၀) ၊ သံချောင်း (၁၅၄၃ ဒသမ ၁၆)တန်၊ လုပ်ငန်းသုံးယာဉ် (၆)စီး၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်း စုစုပေါင်း တန်ချိန် (၃၂၉၃ ဒသမ ၃၁) တန် တင်ဆောင်၍ စက်တင်ဘာ (၂၁)ရက် ညပိုင်းက ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် MV Charity ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံတို့မှ ပေးပို့သည့် ဆန် ၂၄ ပြည်အိတ် (၄၂၁၁၉) အိတ်၊ သံချောင်း (၆၃၃ ဒသမ ၀၁) တန်၊ လုပ်ငန်းသုံးယာဉ် (၆)စီးနှင့် မီးစက် (၁) လုံး စုစုပေါင်းတန်ချိန် (၂၇၆၉ ဒသမ ၅၁) တန် တင်ဆောင်၍ စက်တင်ဘာ (၂၂) ရက် နံနက်ပိုင်းက The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မေ (၁၆) ရက်မှ စတင်၍ ယနေ့အထိ တပ်မတော်စစ်ရေယာဉ်များ အပါအဝင် ရေယာဉ် (၃၆) စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၅၀၃၃၂ ဒသမ ၉၃၂) တန်နှင့် ဒီဇယ် (၂၄၉,၇၆၂) ဂါလံ၊ Octane 92 (၁၉၉,၈၈၆) ဂါလံ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here