မြို့ပြစီမံကိန်းရေးဆွဲရာတွင် လူနေအိမ်ရာဇုန်၊စီးပွားရေးဇုန်၊စက်မှုဇုန်၊စိုက်ပျိုးရေး၊မွေးမြူရေးဇုန်၊စိမ်းလန်းဇုန်များကို စနစ်တကျရေးဆွဲရမည်

0
252

မြို့ပြစီမံကိန်းရေးဆွဲရာတွင် လူနေအိမ်ရာဇုန်၊စီးပွားရေးဇုန်၊စက်မှုဇုန်၊စိုက်ပျိုးရေး၊မွေးမြူရေးဇုန်၊စိမ်းလန်းဇုန်များကို စနစ်တကျရေးဆွဲရမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကမှာကြားသည်။

စက်တင်ဘာ ၂၂ ရက်မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ကျင်းပသည့် မွန်ပြည်နယ်အတွင်း မြို့ပြစီမံကိန်းများ စနစ်တကျရေးဆွဲဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း မြို့များဖွံ့ဖြိုးတိုးတက်လာမှု၊လူဦးရေတိုးပွားလာမှုတို့အရ နောင်အနာဂတ်တွင် မြို့များစနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန် မြို့ပြစီမံကိန်းများကို ကြိုတင်ရေးဆွဲဆောင်ရွက်ထားရမည်ဟု မှာကြားသည်။

မြို့များဖွံ့ဖြိုးတိုးတက်လာမှု၊လူဦးရေများပြားလာမှုအရ ယာဉ်အသုံးပြုမှုများပြားလာမည်ဖြစ်၍ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊သယ်ယူပို့ဆောင်ရေး စနစ်တကျဖြစ်စေရေး၊သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးတို့ကိုလည်း စဥ်းစားဆောင်ရွက်ရမည်ဟု မှာကြားသည်။

လူနေအိမ်ရာဇုန်၊စီးပွားရေးဇုန်၊စက်မှုဇုန်၊စိုက်ပျိုးရေး၊မွေးမြူရေးဇုန်၊စိမ်းလန်းဇုန်များကို ဇုန်အလိုက် စနစ်တကျဖြစ်စေရန် မြို့ပြစီမံကိန်းရေးဆွဲထားရမည်ဖြစ်ပြီး မြို့ပြစီမံကိန်းရေးဆွဲရာတွင် မြို့တစ်မြို့နှင့်တစ်မြို့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ၊လူဦးရေတိုးတက်မှုနှုန်း၊ရေမြေသဘာဝ ရာသီဥတု၊ပို့ဆောင်ရေးစနစ်တို့ မတူညီ၍ မြို့တစ်မြို့ချင်းအလိုက် ကိုက်ညီနိုင်မည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကို ရေးဆွဲရမည်ဟု မှာကြားသည်။

ထို့ပြင် မြို့သစ်များဖော်ဆောင်ရာတွင် ပါဝင်ရမည့်အင်္ဂါရပ်များအား ပြည့်ပြည့်စုံစုံထည့်သွင်းစဉ်းစား၍ နေအိမ်အဆောက်အဦများ ဆောက်လုပ်ခွင့်ပေးရာ၌ မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျ ဖြစ်စေရန် သေချာစွာစစ်ဆေးပြီးမှသာ ခွင့်ပြုရမည်ဟု မှာကြားသည်။

မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲပြီးသည့် မြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ဆန်းစစ်၍ ပြင်ဆင်ရေးဆွဲသင့်သည့် မြို့နယ်များကိုရေးဆွဲရန်၊ ဘဏ္ဍာနှစ်အလိုက် မြို့နယ်များအားမြို့ပြစီမံကိန်းရေးဆွဲဆောင်ရွက်နိုင်ရေး ဘဏ္ဍာငွေ လျာထားရန်လိုကာ Town Plan ရေးဆွဲထားရှိသည့်အတိုင်း သက်ဆိုင်ရာဌာနများအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here