အောက်တိုဘာလမှ ဒီဇင်ဘာလအထိ (၃) လအတွင်း ပြည်ပသို့ ဆန်တန်ချိန် (၇) သိန်း တင်ပို့မည်

0
150

လာမည့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ပြည်ပသို့ဆန်တန်ချိန် (၇) သိန်းတင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်၏ ပြောကြားချက်အရ သိရသည်။

စက်တင်ဘာလ (၂၃) ရက်က ပြုလုပ်သည့် ပုဂ္ဂလိကအခန်းကဏ္ဍမှ ဆန်စပါးလုပ်ငန်းကိစ္စများ ဆောင်ရွက်နေမှု အခြေအနေများအပေါ် သတင်းပြန်ကြား‌ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

” ပြည်ပတင်ပို့မှုအနေနဲ့ မနှစ်နဲ့ယှဉ်ရင် လျော့နည်းသွားတာမှန်ပါတယ်။ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လက ပုံမှန်ဆို အပို့နည်းပါတယ်။ ကျန်တဲ့ကာလမှာတော့ တိုးပြီးတင်ပို့ပါတယ်။ နိုင်ငံ တကာဈေးကလည်းမြင့်နေတယ်။ ပြည်တွင်းဈေးကလည်းမြင့်တက်နေတဲ့အချိန်မှာ ပြည်တွင်းဈေးကွက်ကို ထိခိုက်မှုမရှိစေဘဲနဲ့ ပြည်ပကို တင်ပို့တာဖြစ်ပါတယ်”ဟု ဦးမင်းအောင်က ဆိုသည်။

ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် လာမည့် အောက်တိုဘာလတွင် တန်ချိန် (၂) သိန်း၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် တန်ချိန် (၂) သိန်းခွဲစီ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသ ည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ဆန်ကို ပြည်ပသို့ တစ်နှစ်လျှင် တန်ချိန် (၂) သန်းခန့်သာ တင်ပို့လျက်ရှိရာ ယခုနှစ်တွင်လည်း တန်ချိန် (၂) သန်းတင်ပို့ရန်ခန့်မှန်းထားကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ ဩဂုတ်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသိန်း ရှစ်သောင်းတင်ပို့ခဲ့ပြီး ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၆ သန်းရရှိထားကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဧပြီလတွင် ဆန်တန်ချိန် ရှစ်သောင်းကျော်၊ မေလတွင် ဆန်တန်ချိန် တစ်သိန်းကျော်၊ ဇွန်လတွင် ဆန်တန်ချိန် ခြောက်သောင်းကျော်၊ ဇူလိုင်လတွင် ဆန်တန်ချိန် ငါးသောင်းကျော်နှင့် ဩဂုတ်လတွင် ဆန်တန်ချိန် ခြောက်သောင်းနီးပါး တင်ပို့ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး တရုတ်၊ ဖိလစ်ပိုင်၊ စပိန်၊ ပေါ်တူဂီ၊ ဘူလ်ဂေးရီးယား၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ UK အပါအဝင် နိုင်ငံပေါင်း (၂၀) ကျော်ကို တင်ပို့နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here