တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ်ဖော်ဆောင်ရန်စီစဉ်နေ

0
217

ရာသီဥတု ပြောင်းလဲမှုများကြောင့် ဆုံးရှုံးမှုများအပေါ် အာမခံစနစ်ဖြင့် စနစ်တကျ စီမံခန့်ခွဲ ကာကွယ်ဆောင်ရွက်နိုင်ရန် တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ်ဖော်ဆောင်ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ယင်းအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ပြီး အစိုးရ – ပုဂ္ဂလိက ပူးပေါင်းပါဝင်သော Task Force အဖွဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါ သီးနှံအာမခံစနစ်ကို ယခုနှစ်ဆောင်းသီးနှံရာသီတွင် တောင်သူလယ်သမားများ ပူးပေါင်း ပါဝင်သည့် (Farmer Participatory Approach) ကို အခြေခံဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးတစ်ရပ်ကို စက်တင်ဘာလ (၂၂)ရက်တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ကျင်းပပြုလုပ်ခဲ့ ကြောင်းလည်း သိရသည်။

ယင်းအစည်းအဝေးကို စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်ပြီး မြန်မာ့အာမခံ လုပ်ငန်းအပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျွမ်းကျင်သူပညာရှင်များ၊ ကုန်သည်စက်မှု အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် တာဝန်ရှိသူများ၊ ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးသည့်တောင်သူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

ယခုဆောင်ရွက်မည့် သီးနှံအာမခံစနစ်သည် မိုးရေချိန်ကို အခြေခံသည့် အာမခံစနစ် ရာသီဥတု ညွှန်းကိန်းကို အခြေပြုသည့် (Weather Index Insurance) ဖြစ်ပြီး ၊ စိုက်ပျိုးရေးကို ဦးစားပေးဆောင်ရွက်သည့် နိုင်ငံများတွင် တွင်ကျယ်စွာ ဆောင်ရွက်နေပြီး ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုအရ စတင်ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here