ပြည်နယ်အတွင်း ငြိမ်းချမ်းမှသာ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ပြော

0
193

ပြည်နယ်အေးချမ်းသာယာရေးအတွက် ငြိမ်းချမ်းရေးသည် အရေးကြီးပြီး ငြိမ်းချမ်းမှုရှိမှသာ ဘာသာသာသနာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး အစရှိသည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ(၂၂) ရက် နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း) များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများ အားလုံး ငြိမ်းချမ်းတည်ငြိမ် သာယာဝပြောခြင်းများနှင့် ပြည့်စုံကြပါစေကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်ကဆုတောင်းစကား ပြောကြားခဲ့သည်။

ထို့အပြင် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ အဓိကအားဖြင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွင် ပူးပေါင်းပါဝင်၍ ငြိမ်းချမ်းရေးဆုတောင်း မေတ္တာများ ပို့သပေးကြစေလိုကြောင်း ဂါရဝပြုဆုတောင်း စကားပြောကြားခဲ့သည်။

ထို့နောက် ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း) များ၏ သာသနာပိုင်များ၊ သင်းအုပ်ဆရာတော်များအား ဂါရဝလက်ဆောင်နှင့် ဆန်၊ ဆီ အစရှိ စားသောက်ကုန် ပစ္စည်းများအားပေးအပ်ရာ သင်းအုပ်ဆရာတော်များနှင့် တာဝန်ရှိသူများက ဂါရဝလက်ဆောင်များ ပြန်လည်ပေးအပ်၍ ငြိမ်းချမ်းရေးဆုမွန်ကောင်းစကားများ ပြောကြားကာ ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့၊ အမှတ် (၄)ရပ်ကွက်ရှိ စိန့်ဖရန့်စစ်ဇေးဗီးယဲကက်သလစ် ဘုရားရှိခိုးကျောင်း၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ပြည်ထောင်စု/သာယာကုန်းနှစ်ခြင်း ခရစ်ယာန် အသင်းတော်၊ အမှတ် (၉) ရပ်ကွက်ရှိ ဂရုဏာဧဝံမေလိ AG အသင်းတော်၊ ကမော့ကစင်ရွာသစ်ရှိ မိတ်သဟာယအသင်းတော်များသို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။

ထိုသို့ သွားရောက်ပြီး ဂုဏ်တော် (ကျေးဇူးတော်)ကို ချီးမွမ်းသောအားဖြင့် သာသနာပိုင်၊ သင်းအုပ်ဆရာတော်၊ လက်ထောက် သင်းအုပ်ဆရာ၊ ဘားအံခရစ်ယာန်အသင်းတော်ကောင်စီဝင်များ၊ သင်းထောက်၊ အသင်းလူကြီး၊ အမျိုးသမီးခေါင်းဆောင်များအား သက်ဆိုင်ရာခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း) များအလိုက် သီးခြားစီဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here