တရုတ်နိုင်ငံ၊ ဖန်လုံမြို့ရှိ ကျင်းဆာရဲစခန်း၌ China Resident ID ကတ်ထုတ်ပေးနေမှုကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကြည့်ရှုလေ့လာ

0
213

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့နယ်၊ ဖန်လုံမြို့ရှိ ကျင်းဆာရဲစခန်းသို့ စက်တင်ဘာ (၂၂) ရက် မွန်းလွဲပိုင်းက သွားရောက်၍ China Resident ID ကတ်ထုတ်ပေးနေမှုကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျင်းဆာရဲစခန်း၌ တရုတ်နိုင်ငံ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming ၊ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဒု-ဌာနမှူး Mr. Jia Dong နှင့် ကျင်းဆာရဲစခန်းမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံစဉ် တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးအား ကျင်းဆာရဲစခန်း၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ၊ ပြည်သူများအတွက် လိုအပ်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် စုံစမ်းရေးနှင့် မှတ်ပုံတင်ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်မှု၊ ပြည်သူများအနေဖြင့် အမှုအခင်း ဖြစ်ပွားခြင်းအတွက် တိုင်ကြားခြင်းလုပ်ငန်းများဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြကြောင်းလည်း သိရသည်။

ထို့ပြင် နယ်မြေဒေသအတွင်း အိမ်ထောင်စုစာရင်းများဆောင်ရွက်မှုနှင့် မြို့နယ်ကျော် လိပ်စာပြောင်းရန်နှင့်အိမ်ထောင်စုစာရင်း ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများ လက်တွေ့ဆောင်ရွက်ပေးနေမှု၊ ယာဉ်မောင်းလိုင်စင်လျှောက်ထားရန် လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကိုလည်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့အတူ Resident ID ကတ်လျှောက်ထားမှုနှင့် ID ကတ်ပျောက်ဆုံးမှုများအတွက် ကာယကံရှင်ကိုယ်တိုင် မိမိ၏ အချက်အလက်များ ဖြည့်သွင်းလျှောက်ထားနိုင်သည့် စက်နှင့် ပတ်သက်သည့် အချက်အလက်များ၊ ကာယကံရှင်၏ အချက်အလက်များ မှန်ကန်မှုရှိ/မရှိ အွန်လိုင်းစနစ်ဖြင့်တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကတ်အသစ်ထုတ်ပေးရန်ဆောင်ရွက်သည့်လုပ်ငန်းတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here