မလေးရှားနိုင်ငံ၌ သူငယ်ချင်းများနှင့် အရက်အတူသောက်စဥ် ခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးခံရပြီး သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားအား ယနေ့သဂြိုလ်

0
344

မလေးရှားနိုင်ငံ၊ စလန်းကောပြည်နယ်၊ ပူချွန်းမြို့နယ်၊သမ္မာန်မတ်ရပ်ကွက်တွင် နေထိုင်သည့် မြန်မာနိုင်ငံသား ကိုမြသာအေး (၃၆)နှစ်သည် စက်တင်ဘာ (၆) ရက်က သူငယ်ချင်းများနှင့်အရက်အတူသောက်စဥ် ခိုက်ရန်ဖြစ်ပွားပြီး ဓားဖြင့်ထိုးခံခဲ့ရသည့်အတွက် သေဆုံးသွားခဲ့ပြီး ၎င်း၏ ရုပ်အလောင်းအား ယနေ့ သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ဓားဖြင့်ထိုးခံရမှုကြောင့် ကိုမြသာအေးသည် အခင်းဖြစ်နေအိမ်၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား စာတန်းဆေးရုံကြီး ရေခဲတိုက်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ခိုက်ရန် ဖြစ်ပွားစဉ် ကိုမြသာအေးအား ဓားဖြင့်ထိုးခဲ့သူ (၂) ဦးမှာ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ထွက်ပြေးတိမ်းရှောင်နေသူ (၂) ဦးအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကာ ကိုမြသာအေး၏ ဇနီးဖြစ်သူနှင့် အရက်အတူသောက်ခဲ့သည့် အမျိုးသားတစ်ဦးတို့ကိုလည်း မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှု၊ မသင်္ကာမှုတို့ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသွားသည့် ကိုမြသာအေး၏ ရုပ်အလောင်းအား ယနေ့ စက်တင်ဘာ (၂၄) ရက် နံနက် (၁၀) နာရီ၌ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)မှ ဦးဆောင်ကာ မလေးရှားနိုငံ၊ ပူချွန်းမြို့နယ်ရှိ (၁၄)မိုင်သုဿန်တွင် မီးသဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

ကိုမြသာအေးနှင့် ဇနီးတို့သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ကျီးပင်စုကျေးရွာတွင်နေထိုင်သူများဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here