နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပထမ(၆)လအတွက်ရရှိသည့် အတိုးရငွေများအား စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် ရင်းနှီးမတည်ပေးသွားမည်

0
175

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပထမ(၆)လအတွက်ရရှိသည့် အတိုးရငွေများအား စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ထပ်မံတိုးချဲ့နိုင်ရန် ရင်းနှီးမတည်ပေးသွားမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောသည်။

စက်တင်ဘာ (၂၃) ရက် မွန်းလွဲ (၂) နာရီကကျင်းပခဲ့သည့် ကချင်ပြည်နယ်အတွင်း လုပ်ငန်းစီမံကိန်းများမှပြန်လည်ပေးသွင်းသည့် ပထမ(၆)လ အတိုးရငွေများအား စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် လုပ်ငန်းများတိုးချဲ့ရင်းနှီးမတည်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ငွေကျပ် ၈ ဘီလီယံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစ၍ လုပ်ငန်းကဏ္ဍအလိုက် ရင်းနှီးမတည်‌ပေးခဲ့ရာ မတ်လအတွင်း မတည်ငွေအားလုံးကို တောင်သူများလက်ဝယ်အရောက် မတည်ပေးနိုင်ခဲ့သည်ဟု ဝန်ကြီးချုပ်က ပြောသည်။

ထို့ပြင် ပထမ(၆)လအတိုးရငွေများကိုလည်း သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ကောက်ခံနိုင်ခဲ့၍ ယင်း အတိုးငွေများကို ပြည်နယ်၏ စီးပွားစွမ်းအားမြှင့်တင်မှုပိုမိုမြန်ဆန်လာစေရန် လုပ်ငန်းများထပ်မံတိုးချဲ့မတည်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရမည်ဟု မှာကြားသည်။

လုပ်ငန်းတိုးချဲ့မှုနှင့်အတူ ကုန်ထုတ်လုပ်မှုများတိုးမြှင့်ထုတ်လုပ်ပြီး ဈေးကွက်ဖော်ဆောင်နိုင်မှသာ မိမိတို့ပြည်နယ်၊မိမိတို့နိုင်ငံအတွင်းရှိ ပြည်သူများ၏ အကျိုးစီးပွားအမှန်တကယ်ဖြစ်ထွန်းအောင်မြင်လာမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က တိုက်တွန်းမှာကြားခဲ့သည်။

ထို့အပြင် ဗန်းမော်ခရိုင်အတွင်း ဝက်မွေးမြူရေး လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရန် ဝက်စျေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကာ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ပထမ(၆) လအတိုးရငွေဖြင့် ထပ်မံရင်းနှီးမတည်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံအား ခရိုင်(၆)ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် စိုက်ပျိုးရေးဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ (၁၁၀)၊မွေးမြူရေးဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ (၂၅)ရွာ၊ ငါးလုပ်ငန်းဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ (၇) ရွာနှင့် သမဝါယမလုပ်ငန်းဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ(၆၈)ရွာတို့တွင် ရင်းနှီးမတည် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here