တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များအား မြေသယ်ကားပေါ်မှဖမ်းမိ

0
170

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိ အိုက်စ် ၂၅၄ ကီလိုအား စက်တင်ဘာ (၂၀) ရက်နံနက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် (၆) နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ စိုင်းမွန်းမောင်းလာသည့် LIFAN မြေသယ်ကားအား ရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကားပေါ်တွင် ကျိုင်းတုံမှ တာချီလိတ်သို့ သယ်လာသည့် ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သော အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၄ ကီလိုနှင့်ကက်တမင်း ၂ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူအား သက်ဆိုင်ရာရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နမ့်ခမ်းမြို့၊ အမှတ်(၁)ကောင်းတပ်ရပ်၊နတ်စင်လမ်းနေ ကျဆော(၂၈)နှစ်၏ နေအိမ်အား စက်တင်ဘာ (၂၂) ရက်မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါ၀င်သောပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေစစ်ဆေးရာ ၎င်းနှင့်အတူ ငွေကျပ် ၂၆၇၀ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၃၄၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သဖြင့် နမ့်ခမ်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here