ငလျင်လှုပ်ခတ်မှုကြောင့် မှော်ဘီမြို့နယ် ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်ရှိ ကျေးဇူးဆပ် ဗိမာန်တော်ကြီးတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့

0
383

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ပန်းတစ်ပွင့်တောင် ဗုဒ္ဓသာသနာပြုတက္ကသိုလ်ရှိ မဟာသဒ္ဒမ္မဇောတိကဓဇကျေးဇူးဆပ်ဗိမာန်တော်ကြီးသည် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

” ၂၃ ရက် ည (၆) နာရီက ငလျင်လှုပ်ခဲ့တာမှာ ပေ ၂၅၀၊ ပေ ၁၀၀ ရှိတဲ့ (၃) ထပ်ဗိမာန်တော်ကြီးရဲ့အမိုးမျက်နှာကြက်တွေနဲ့ ဘေးအကာတစ်ချို့ပြိုကျပျက်စီးခဲ့ပါတယ်။ နောက် (၂၄) ရက် ညနေ ၅ နာရီ ၅၀ မိနစ်လောက်မှာ ငလျင်ထပ်လှုပ်တော့လည်း ဗိမာန်တော်ကြီးရဲ့ မျက်နှာကြက်တွေနဲ့ဘေးအကာတွေထပ်ပြီးပြိုကျခဲ့ပါတယ်”ဟု ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ စီမံဘဏ္ဍာတွဲဖက်ဌာနမှူး ဦးဘသိန်းက ပြောသည်။

ထို့အပြင် ငလျင်လှုပ်ခတ်မှုကြောင့် အချို့အဆောက်အဦးများ အနည်းငယ်ထိခိုက်မိကာ စေတီ (၃) ဆူ၏ စိန်ဖူးတော်များလည်း မြေခခဲ့ပြီး ပျက်စီးမှုအများဆုံးဖြစ်ပေါ်ခဲ့သည့်စေတီတော်မှာ နဂါးရုံစေတီတော်ကြီးဖြစ်ကြောင်း သိရသည်။

“ပျက်စီးခဲ့တဲ့ ဗိမာန်တော်ကြီးမှာက ဗုဒ္ဓတက္ကသိုလ်မှာကျောင်းလာတက်တဲ့ အနယ်နယ်အရပ်ရပ်က ကျောင်းသား ၁၀၀ ကျော်ကို အခန်းလိုက်နေရာချထားပေးတယ်။ ပြိုကျတဲ့အချိန်မှာ ထိခိုက်မိတဲ့လူမရှိပါဘူး။ ပြိုကျတာကလည်း အတွင်းထဲကိုမဟုတ်ဘဲ အပြင်ဘက်ကို ပြိုကျသွားတာပါ။ ကျောင်းသားတွေကို အန္တရာယ်ကင်းတဲ့ နေရာရွှေ့ထားပေးပါတယ်။ ပြန်လည်ပြင်ဆင်ဖို့ ကုန်ကျစရိတ်က ကျွန်တော့်အထင် သိ န်း ၃၀၀ ကျော်လောက်ရှိမယ်”ဟု ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ စီမံဘဏ္ဍာတွဲဖက်ဌာနမှူးဦးဘသိန်းက ပြောသည်။

လက်ရှိအချိန်၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဗိမာန်တော်ကြီး၌ ဘွဲ့နှင်းသဘင်အခမ်းအနား၊ ပန်းတစ်ပွင့်တောင်ဆရာတော်ကြီး၏ သက်တော်(၅၄)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားနှင့်ဆရာတော်ကြီးအား နိုင်ငံတော်မှဆက်ကပ်သည့် အဂ္ဂမဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ကပ်လှူပူဇော်ပွဲ အခမ်းအနားများကျင်းပရန် ရှိ၍ အချိန်မီပြီးစီးရန် ပြန်လည်ပြင်ဆင်မှုများဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ပန်းတစ်ပွင့်တောင်ဆရာတော်ကြီးမှကြီးမှူး၍ တပည့်ဒါယကာ၊ဒါကကာမများ၊ဗုဒ္ဓတက္ကသိုလ်၏တာဝန်ရှိသူများက အစည်းအဝေးများပြုလုပ်ကာ ပညာရှင်များနှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here