မြန်မာ ယူ၂၄ အသင်းအား နစက ဥက္ကဋ္ဌမှ ဒေါ်လာ ၅၀၀၀ နှင့် MNL ကလပ်အသင်းပိုင်ရှင်များမှ ကျပ်သိန်း ၅၀၀ ဆုကြေးငွေ ချီးမြှင့်

0
443

အာရှအားကစားပွဲတော်တွင် ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမအကြိမ် အုပ်စုအဆင့်မှ ကျော်ဖြတ်နိုင့်ခဲ့သည့် မြန်မာအမျိုးသား ယူ ၂၄ အသင်းအား နစက ဥက္ကဋ္ဌမှ ဒေါ်လာ ၅၀၀၀ နှင့် MNL ကလပ်အသင်းပိုင်ရှင်များမှ ကျပ်သိန်း ၅၀၀ ဆုကြေးငွေ ချီးမြှင့်လိုက်ကြောင်း သိရသည်။

မြန်မာ ယူ ၂၄ အသင်းသည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပလျက်ရှိသည့် ၁၉ ကြိမ်မြောက် အာရှ အားကစားပွဲတော် အမျိုးသား ဘောလုံး ပြိုင်ပွဲတွင် အကောင်းဆုံး တတိယ နေရာမှ ဒုတိယအဆင့် ၁၆ သင်းရှုံးထွက်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် နစက ဥက္ကဋ္ဌမှ ဒေါ်လာ ၅၀၀၀ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များမှ ကျပ်သိန်း ၅၀၀ ဆုကြေးငွေ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ၂၄ အသင်းသည် အဆိုပါ ပြိုင်ပွဲ၏ အုပ်စု (က) တွင် အိမ်ရှင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်တို့နှင့် အတူကျရောက်ခဲ့ပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ်(၄)မှတ်ဖြင့် အကောင်းဆုံး အုပ်စုတတိယ နေရာမှ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ အမျိုးသား အသင်းသည် အာရှအားကစားပွဲတော် ဘောလုံးပြိုင်ပွဲသမိုင်းတွင် ချန်ပီယံ ၂ ကြိမ်၊ တတိယ ၁ ကြိမ်ရရှိခဲ့ပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အုပ်စုမှ မတက်နိုင်ခဲ့ဘဲ ယခုနှစ်ပြိုင်ပွဲမှသာ ဒုတိယအဆင့်သို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ ယူ၂၄ အသင်းသည် ဒုတိယအဆင့်တွင် အာရှအင်အားကြီး ဂျပန် သို့မဟုတ် ပါလက်စတိုင်းအသင်းနှင့် လာမည့် စက်တင်ဘာ ၂၈ ရက် ညနေ ၆ နာရီတွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here