လာမည့် အောက်တိုဘာလမှ စတင်ပြီး Online မှ စျေးရောင်းချသူများ မှတ်ပုံတင်ရမည်

0
503

လာမည့် အောက်တိုဘာ (၂) ရက်မှစတင်ပြီး Online မှ စျေးရောင်းချသူများအနေဖြင့် အစိုးရထံ မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Online စနစ်ဖြင့် ဈေးရောင်းချသူများ မှတ်ပုံတင်နိုင်ရေး eComReg စနစ်မိတ်ဆက်ခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၄ တွင် မန္တလေးမြို့ရှိ တိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူများ၏ ပြန်လည်မျှဝေထားချက်အရ Online စနစ်ဖြင့် ရောင်းချသူများ အနေဖြင့် အောက်တိုဘာ (၂) ရက်မှ စတင်ပြီး မှတ်ပုံတင်နိုင်ပြီဖြစ်ကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ မှတ်ပုံတင်သူများအတွက် မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Online Registration ပြုလုပ်ပါက မိမိ၏လုပ်ငန်း အမည် ၊ Logo ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာ လိုအပ်ကြောင်းနှင့် Online Application Form ကြေး (၄၀၀၀) ကျပ်ခန့် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

မည်သည့် ထုတ်ကုန် ပစ္စည်းမဆို ကိုယ်ပိုင်ပစ္စည်း ဖြန့်ဝေရောင်းချသည်ဖြစ်စေ ၊ တဆင့်ပြန်လည်ရောင်းချသည်ဖြစ်စေ Online ဖြင့် အသုံးပြုသူများ အားလုံး မှတ်ပုံတင်ရမည်ဖြစ်ပြီး မိမိလုပ်ငန်းသည် အခြားအခွန် ၊ စည်ပင်လိုင်စင်ဆောင်ရွက်ထားပါကလည်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အွန်လိုင်းမှရောင်းချသူများအနေဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ခြင်းမရှိဘဲ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁)ရက်မှ စတင်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိမိ ရောင်းချမည့် ကုန်ပစ္စည်း ၊ ဝန်ဆောင်မှု လုပ်ငန်းများသည် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် တရားဝင်လုပ်ငန်းများအတွက်သာ ခွင့်ပြုပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ Online စနစ်ဖြင့် ဈေးရောင်းချသူများ မှတ်ပုံတင်လျှောက်ထားရမည့် ကိစ္စနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက် ရက်စွဲဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ကြောင်း အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here