တရုတ်သြဇာလွှမ်းမိုးမှုမြင့်လာချိန် ပစိဖိတ်ကျွန်းနိုင်ငံများကို ပိုမိုပံ့ပိုးပေးရန်အမေရိကန်ကတိပြု

0
206

ဝါရှင်တန်၊စက်တင်ဘာ ၂၆

ဒေသတွင်း၌ တရုတ်၏ဩဇာလွှမ်းမိုးမှုမြင့်တက်လာချိန်တွင် အမေရိက၏ထိတွေ့ဆက်ဆံနိုင်မှုအားကောင်းစေရန်ရည်ရွယ်လျက် အမေရိကန်သမ္မတသည် ပစိဖိတ်ကျွန်းနိုင်ငံ ၁၈ နိုင်ငံ၏ခေါင်းဆောင်များအား အိမ်ဖြူတော်၌ စက်တင်ဘာ ၂၅ ရက်နေ့က လက်ခံတွေ့ဆုံကာ စီးပွားရေးအကူအညီများပိုမိုပံ့ပိုးကူညီနိုင်ရန်ကတိပြုခဲ့ကြောင်းသိရသည်။

တွေ့ဆုံစဉ်အတွင်း သမ္မတဘိုင်ဒင်သည် ကျွန်းနိုင်ငံသစ်နှစ်ခုဖြစ်သည့် Cook Islands နှင့် Niue အား အမေရိက က တရားဝင်အသိအမှတ်ပြုကြောင်းလည်းကြေငြာခဲ့သည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အဆိုပါနှစ်နိုင်ငံလုံး၏၀န်ကြီးချုပ်များနှင့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည့်အပြင် Alice Albright ဦးဆောင်သော Millennium Challenge Corporation နှင့် Kiribati နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်ကိုသက်သေအဖြစ်နေခဲ့ပေးကြောင်းသိရသည်။

ကြိုဆိုပွဲအခမ်းအနားတွင် ဘိုင်ဒင်က “အမေရိကန်ပြည်ထောင်စုအနေဖြင့် လွတ်လပ်ပွင့်လင်းကာ သာယာဝပြောပြီး၊လုံခြုံသော အင်ဒို – ပစိဖိတ်ဒေသဖြစ်စေရန် အာမခံချက်ပေးပါကြောင်းနှင့် ထိုပန်းတိုင်ကိုအရောက်လှမ်းနိုင်ရန် ယနေ့ဖိတ်ကြားထားသောနိုင်ငံအားလုံးနှင့် လက်တွဲလုပ်ဆောင်သွားရန်ကတိပြုပါသည်” ဟုပြောကြားခဲ့သည်။

အလုပ်သဘောနေ့လည်စာစားပြီးနောက် ထုတ်ပြန်သည့်စာတမ်းတွင် အမေရိကန်သမ္မတသည် တရားမဝင် ငါးဖမ်းခြင်းကိုနှိမ်နင်းရန်၊ရာသီဥတုပြဿနာကို ဖြေရှင်းရေး၊စီးပွားရေးတိုးတက်မှုနှင့် ပြည်သူ့ကျန်းမာရေးကိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဒေသတွင်း စီမံချက်များအတွက် ရန်ပုံငွေ ဒေါ်လာ သန်း ၂၀၀ ထပ်မံထောက်ပံ့ရန် ကွန်ဂရက်နှင့် လက်တွဲဆောင်ရွက်မည်ဟုကတိပြုခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးပူးတွဲထုတ်ပြန်ချက်၌ နှစ်ဖက်စလုံးသည် ၂၀၂၅ ခုနှစ်တွင် နောက်ထပ်ထိပ်သီးအစည်းအဝေးကျင်းပရန်နှင့် ယင်းနောက် နှစ်နှစ်တစ်ကြိမ် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန် သဘောတူညီခဲ့ကြောင်းလည်းသိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here