လူနာများထံမှ အခွန် ၂ ရာခိုင်နှုန်း ကောက်ခံမှုအား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအနေဖြင့်လုံးဝမလုပ်ရန် ပြည်တွင်းအခွန်များဦးစီးဌာန သတိပေး

0
197

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအနေဖြင့် မိမိတို့၏ ဆေးရုံဆေးခန်းများတွင် လာရောက်ဆေးကုသသည့် လူနာများထံမှ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံနေခြင်းကို လုံးဝမလုပ်ဆောင်ကြရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အချို့သော ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများမှ ငွေထုတ်ပေးရန်တာဝန်ရှိသူများသည် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများထံ ပေးချေရမည့်ငွေအ‌ပေါ်တွင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း နုတ်ယူရမည့်အစား ဆေးကုသမှုခံယူနေသည့် လူနာများထံမှ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ထပ်ဆောင်းကောက်ခံသည့် နည်းလမ်းအမှားကို ဆောင်ရွက်နေကြကြောင်း ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

ထို့ကြောင့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများ အနေဖြင့် ဆေးကုသမှုခံယူသူများထံမှ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံခြင်း လုံးဝ(လုံးဝ) မလုပ်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားခြင်းဖြစ်သည်။

ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းသည် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားဖြစ်သဖြင့် ဆေးကုသမှု ခံယူသူများထံမှ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံပေးသွင်းရန် မလိုအပ်ကြောင်း အခွန်ဦးစီးဌာနက အသိပေးထားသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ရရှိသည့်ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေသည့်အစီအစဉ်ကို စက်တင်ဘာ ၁ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း ကြေညာချက်အရသိရသည်။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း တည်ထောင်သူများအနေဖြင့်လည်း မိမိလုပ်ငန်းမှ ငွေထုတ်ပေးရန် တာဝန်ရှိသူများက အခွန်နှုတ်ယူပေးသွင်းသည့် လုပ်ငန်းစဉ်များအား ဆောင်ရွက်ရာတွင် ပြဌာန်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပေးနိုင်ရန်လည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here