၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ပြည်တွင်းသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် (၆) သိန်းကျော်ဝင်ရောက်

0
172

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ပြည်ပခရီးသွားဧည့် (၆) သိန်းကျော် ဝင်ရောက်ခဲ့ပြီး
ယခင်နှစ် ကာလတူထက် (၆) ဆခန့်တိုးလာကြောင်း သိရသည်။

စက်တင်ဘာ (၂၇) ရက် နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမှာစကားပြောကြားစဥ် နစက ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစတင်ကာ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် e-visa ကို မေ ၂၀ ရက်က စတင်ခွင့်ပြုပေးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပြည်ပနိုင်ငံအသီးသီးမှ လေဆိပ်၊ရေဆိပ်နှင့် နယ်စပ် ဝင်ပေါက်အသီးသီးမှ ခရီးသွားဦးရေ (၂) သိန်းဝန်းကျင်ဝင်ရောက်ခဲ့ရာ ၂၀၂၁ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်ဟု ဆိုသည်။

“အခုလို ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ နိုင်ငံတကာခရီးသွားဧည့်သည် (၆) သိန်းကျော်ဝင်ရောက်ခဲ့ပါတယ်။ အရင်နှစ်ကာလတူက (၁) သိန်းကျော်သာဝင်ရောက်ခဲ့တာကြောင့် (၆) ဆခန့်တိုးတက်လာတာကို တွေ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံမှဆောင်ရွက်လျက်ရှိပြီး ခရီးသွားလုပ်ငန်းကို အလေးထားဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထိုသို့ ဆောင်ရွက်ရာ၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်တွင်း၊ ပြည်ပခရီးသွားများ တိုးတက်လာစေရန် မဟာဗျူဟာလုပ်ငန်း စီမံချက်များရေးဆွဲဆောင်ရွက်ထား၍ ယခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည်ရောက်ရှိမှု ပိုမိုတိုးတက်များပြားလာမည်ဟုလည်း ဆိုသည်။

“မကြာတော့မယ့် ကာလတစ်ခုမှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ကိုဗစ်(၁၉)ရောဂါ မတိုင်မီကာလ အခြေအနေကို ပြန်လည်ရောက်ရှိ နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟုလည်း နစက ဥက္ကဋ္ဌက ပြောသည်။

ခရီးသွားလုပ်ငန်းဆောင်ရွက်သူများအနေဖြင့်လည်း ၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေး”နှင့်အညီ မြန်မာနိုင်ငံ၏ အနာဂတ်ခရီးသွားလုပ်ငန်း စနစ်တကျနှင့် ရေရှည်တည်တံ့စေရန် အားလုံးလက်တွဲ ဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here